Monday, December 12, 2011

ရွှေညဝါ ဆရာတော် ဖိအားပေးခံနေရ

နိုင်ငံရေး အခမ်းအနားများ မကြာခဏ ကျင်းပလေ့ရှိသော ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟကိုအာဏာပိုင်များက အမျိုးမျိုး ဖိအားပေးနေကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားမိန့်ခွန်းတွင် ဆရာတော်က ထည့်သွင်း မိန့်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗဲလ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် အခမ်းအနားတွင် ရွှေညဝါဆရာတော် မိန့်ခွန်းပြောစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့လို့လား၊ အမျိုးသားနေ့ အောင်ပွဲ ကျင်းပဖို့ လက်ခံခဲ့လို့လား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ တောင်းလို့လား၊ ဘာကြောင့်မှန်းမသိဘဲ လေး၊ ငါး၊ ခြောက်ရက် ရှိနေပြီ၊ ဘုန်းကြီး ဘ၀တခုလုံးကို အပြောင်းအလဲ ဖြစ်စေမယ့် ဖိအားတွေပေးနေတယ်။ ဘုန်းကြီး ဘ၀ တသက်တာ လုပ်ခဲ့သမျှ အခြေအနေတွေကို ဖျက်ဆီးမယ့် ဖိအားမျိုးတွေ ရင်ဆိုင် နေရတယ်” ဟု ရွှေညဝါ ဆရာတော်က ဆိုသည်။
ဆရာတော် အရှင်ပညာသီဟသည် မည်သို့သော ဖိအားများ ရင်ဆိုင်နေရသည်ကို ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိသော်လည်း ရင်ဆိုင်နေရသည့် ဖိအားများကို ဆရာတော်က အကြောက်တရား ကင်းကင်းဖြင့် ရင်ဆိုင်သွားမည်ဟု ပြောသည်။
“အဲဒီလို ရင်ဆိုင်ရလို့လည်း ဘုန်းကြီး စိတ်ဓာတ်မကျဘူး၊ မျက်နှာမပျက်ဘူး၊ ငါ့ဘ၀ ပျက်ချင် ပျက်ပစေ၊ လုပ်သင့် လုပ်ထိုက်တာ၊ အမှန်တရားအတွက် စွန့်လွှတ်မယ်ဆိုတဲ့ စိတ်မျိုးဘုန်းကြီးမှာ အပြည့်ရှိတယ်” ဟု ရွှေည၀ါ ဆရာတော်က ဆက်လက် မိန့်ကြားသည်။
သာဓု ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်ပွဲ လုပ်ချင်သည်ဟု လာရောက် လျှောက်ထားသဖြင့် ဆရာတော်က အသာတကြည် လက်ခံလိုက်ကြောင်း ပြောသည်။
“တကယ်တော့ သူတို့ကသာ လာလျှောက်လို့ လက်ခံတယ်လို့ စကားလှအောင် ပြောတာ။ သူတို့ မလျှောက်ခင်ကတည်းက ဘုန်ကြီးက ခွင့်ပြုပြီးသား” ဟု ရွှေညဝါ ဆရာတော်က ဆိုသည်။
မြန်မာပြည်တွင်းတွင် ငြိမ်းချမ်းရေး ရရှိသည်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဆရာတော်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“အားလုံး တောင်းဆိုကြတာက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ပြည်တွင်းစစ်ရပ်ဖို့။ ဒါပေမယ့် ဘုန်းကြီးကတော့ တခွန်းတည်းပဲ ပြောချင်တယ် ငြိမ်းချမ်းရေးရဖို့ပဲ။ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အကျဉ်းကျ နေတဲ့အတွက် မငြိမ်းချမ်းနိုင်ဘူး၊ နယ်စပ်တွေမှာ စစ်ပွဲတွေဖြစ်နေတော့ မငြိမ်းချမ်းနိုင်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးရဖို့ အရမ်းကို အရေးကြီးပါတယ်” ဟု ဆရာတော်က ဆိုသည်။
ယင်းနေ့ အခမ်းအနားတွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးရရှိရေးသည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအတွက် အလွန်လိုအပ်လျက်ရှိကြောင်း၊ မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက တောက်လျှောက် ငြိမ်းချမ်းရေး မရရှိဘဲ စစ်ပွဲများနှင့်သာ အချိန်ကုန်ဆုံး ခဲ့ရကြောင်း ပြောဆိုသည်။
“ပထမ ငြိမ်းချမ်းရေး၊ ဒုတိယ ငြိမ်းချမ်းရေး၊ တတိယ ငြိမ်းချမ်းရေးပဲ။ ကျမတို့ခေတ်မှာ အရင်ခေတ် အဆက်ဆက်က မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေး ရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တခါတလေ တော်တော်နဲ့ ပြန်မလာတတ်ပါဘူး။ လာတဲ့အခါမှာ ရအောင် ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအကျိုးအတွက် ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျမတို့အားလုံး ဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျမတို့ရဲ့ နိုင်ငံဟာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့၊ ငြိမ်းချမ်းတဲ့၊ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားများ ကလည်း ဒီမိုကရေစီနိုင်ငံအဖြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန် တောင်းဆို နေကြသည်။

Source: http://burma.irrawaddy.org/archives/3487

Thursday, December 8, 2011

မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

Latest News about Monks' Demonstration of Mandalay (9:30 PM, Nov 15, 2011)

မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

From Monks Ask for Peace in Mdy (15.11.2011)

ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။

၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁
၁။
မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်း တင်ခြေရာခံခြင်းများရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။
၂။
မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေး တရားများ ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်း
သိရသည်။ ၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်းပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။
၃။
ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။
ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။
၎။
‎"Tomorrow 12 AM, old Masoerein campaign will take part in! Please forward" ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။
ညိုကြီး
သတင်းရေးချိန် - 9:30 PM, 2011, Nov 5

http://bigbbrown.blogspot.com/ မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်

Tuesday, November 29, 2011

သမ္မတကြီးဦးသိန်းစိန်၏ ဆင်ဖြူတော် ဆုတောင်း

သမ္မတကြီးဦးသိန်းစိန်၏ ဆင်ဖြူတော် ဆုတောင်း

ဆောင်းပါးရှင် (သီတလ)
ဒီနေ့ (၂၈၊၁၁၊၂၀၁၁) နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ကောက်ဖတ်လိုက်တော့ မျက်နှာဖုံးမှာ သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက်တဲ့ သတင်းကို  တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း တံတားဖွင့်ပွဲမှာ မိန့်ခွန်းချွေတာ ဖြစ်လို့ ဘာမှ သိပ်မထူးပါဘူး။ အဲ- ထူးတာကတော့ သူ့စကားအဆုံးမှာ တွေ့ရတဲ့ သူ့ဆုတောင်းပါ။ ဒါကတော့-
သြော် ကြေးမှုံ သတင်းစာပါ.. သမ္မတရဲ့ မှတ်သားလောက်ဖွယ် ဧရာဝတီတိုင်းသားတွေ အပေါ်နှိုင်းစရာရှားလို့ ဆင်နဲ့နှိုင်းတဲ့ စကား... သြော်ကောင်းလေစွ... 
(ဆင်ဖြူတော်မှီပြီး လံကြုပ်စကားပေါ့)
“ဧရာဝတီတိုင်း ဒေသကြီးအတွင်းက တိုင်းပြည်၏ ရတနာတစ်ပါး ဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားရှားပါးပါး ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း  မွန်မြတ်သည့် စိတ်ထားများ ထားနိုင်ကြပါစေ၊ ဆင်ဖြူတော်ကြီးကဲ့သို့ အားခွန်ဗလနှင့် ပြည့်စုံပြီး ဒေသအကျိုး တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်သည့် ဧရာဝတီတိုင်းသားများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။” ဆိုတာပါဘဲခင်ဗျား။
ကျွန်တော် ဒါလေး ဖတ်လိုက်ရတဲ့အခါ ပြေးပြီး သတိရတာက- ဆရာကြီးဦးအောင်သင်းနဲ့ ဆရာအော်ပီကျယ်တို့ ပြောသွားကြတဲ့ စကားတွေပါ။ ဆင်ဟာ လူထက် အားခွန်ဗလ ကောင်းပေမဲ့ လူ့လောက် အသိဥာဏ်မရှိလို့ လူက ခိုင်းတာ လုပ်ရတယ်။ မြင်းဟာ လူ့ထက် အပြေးမြန်သော်လဲ အသိဥာဏ်ရှိတဲ့လူက မြင်းကို တက်စီးသွားနိုင်တယ်။ ငါးဟာ ရေနေသတ္တ၀ါဖြစ်လို့ လူထက် ရေကူးတတ်သော်လဲ အသိဥာဏ်ရှိတဲ့လူက ငါးကို ဖမ်းပြီး စားလို့ရတယ်-ဆိုတဲ့ စကားတွေပါဘဲခင်ဗျား။ ကျွန်တော်တို့ သမ္မတကြီးကတော့ လူ့ဘ၀ထက် ကာယအင်အားပိုကောင်းတဲ့ ဆင်ဘ၀ကို ပိုပြီး မြတ်နိုးနေတယ်ထင်ပါ့။ ဒါ့ကြောင့်လဲ ဧရာဝတီသားတွေကို ဆင်ကြီးနဲ့နှိုင်းပြီး ဆုပေးသွားပုံရတယ်။ “လူ့ဘ၀ ရခဲတယ်”ဆိုတဲ့ စကားကို “ဆင်ဖြူတော်ဘ၀ ရခဲတယ်”လို့တောင် ပြင်ရမလို ဖြစ်နေပါပြီ။
နောက်ပြီး “ဆင်ဖြူတော်ကြီးကဲ့သို့ ဖြူစင်သန့်ရှင်း မွန်မြတ်သည့်စိတ်ထားများ ထားနိုင်ကြပါစေ” ဆိုတဲ့ စကားကိုတော့ ကျွန်တော် ကောင်းကောင်း နားမလည်ဘူးခင်ဗျား။ ဥပမာအလင်္ကာအနေနဲ့ ပြောတယ်ဆိုတာလောက်တော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဒီ ဆင်ဖြူတော်မှာ ဘယ်လိုမျိုး ဖြူစင်သန့်ရှင်း မွန်မြတ်တဲ့ စိတ်ထားတွေ ရှိနေတယ်ဆိုတာကတော့ ကျွန်တော်ဆက်ပြီး လေ့လာရပါအုံးမယ်။ လောလောဆယ်တော့ ကြိုးမချည်ထားတဲ့ ဆင်ဖြူနားကို ကျွန်တော် မကပ်ဝံ့ဘူး ခင်ဗျား။ သမ္မတကြီး ကပ်ဝံ့တယ်၊ နားရွက်တွေ နှာမောင်းတွေကိုလဲ ကိုင်ကြည့်ဝံ့တယ်၊ ဆင်ကြီးရဲ့ ဗိုက်အောက်မှာလဲ စိတ်ချလက်ချ စက်တော်ခေါ်ဝံ့တယ်ဆိုရင်တော့ သမ္မတကြီးစကားကို လက်ခံပေးရမှာပေါ့ဗျာ။
ဧရာဝတီသားတွေအပေါ်မှာ တခြား ဆုတောင်းတွေ မတောင်းဘဲနဲ့ ဆင်ကြီးနဲ့မှ နှိုင်းပြီး ဆုမွန်ကောင်း တောင်းသွားတာကို ကြည့်ရင် ဒီဆုတောင်းရဲ့ နောက်ကွယ်မှာ တခြားတခြားသော ရည်ရွယ်ချက်တွေများ ရှိနေမလားလို့လဲ သံသယ၀င်မိတယ်ခင်ဗျ။ ဆင်စိတ်နဲ့ ဆင်အသိသာရှိပြီး ဆင်လိုအလုပ် လုပ်နိုင်မှ ချွန်းကိုင်ပြီး လိုရာခိုင်းလို့ရမယ်လေ။ ဒါကြောင့်များလားလို့လဲ တွေးမိပါရဲ့။
သီတလ
ဆင်ကြံကြံနေတယ်လို့ မဆိုလိုပါ.. သို့ပါသော်လည်း
ဆင်ဖြူတော်မှီပြီး လံကြုပ်တဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့ 
တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...
ဆောင်းပါးရှင် ဆရာသီတလရဲ့ သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း ဆောင်းပါးခေါင်းစဉ် ဖတ်မိတော့ ငယ်ငယ်က နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ လှေငယ်ရှင်ဆုတောင်း သီချင်းခေါင်းစဉ်လေးကို ပြေးသတိရမိပါတယ်... ဆင်ဖြူရှင် ဆုတောင်းပေါ့...။ ချမ်းသာတဲ့ ဂျပန်တို့၊ အမေရိကန်တို့လို နိုင်ငံတွေမှာ ဆင်ဖြူလည်း တကောင်မှ မမြင်ဘူးပါ..။ ရွှေ တို့ စိန်တို့ဆိုတဲ့ အဘိုးတန် သယံဇာတတွေဆိုတာ ရှားပါးပြီး အထွက်နည်းတဲ့ အတွက် ရတနာအဖြစ် သတ်မှတ် ဝတ်ဆင်ကြတာပါ..။ နေရာတကာမှာ ထွက်နေရင်တော့ Value ဆိုတဲ့ တန်ဘိုးဆိုတာ မရှိတော့ပါဘူး..။ ချမ်းသာချင်လို့ မောင်ချမ်းသာ ဆိုတဲ့ နာမည်မှည့်ခေါ်ပေမယ့် မချမ်းသာတဲ့ သူတွေဒုနဲ့ဒေးပါ..။ စိန်၊ ရွှေဆိုတဲ့ တန်ဘိုးရှိတဲ့ ရတနာ နာမည်တပ်ထား ကြပေမယ့် မြင်မြတ်ဘို့ဆိုတာ ထိုသူရဲ့ အကျင့် သိက္ခာ၊ သမာဓိပေါ်မှာ မူတည်ပါတယ်..။ ပညတ်ဆိုတဲ့ အခေါ်အဝေါ်တွေပါ.. ပရမတ်မဟုတ်ပါ...။ ဆင်ဖြူရှိတိုင်း တိုင်းပြည်တိုးတက်၊ သာယာအေးချမ်းမယ်ဆိုရင်တော့ တကမ္ဘာလုံး ဆင်ဖြူဖမ်းပွဲတွေနဲ့ ပြည့်နေမှာပေါ့.. များများချမ်းသာချင်ရင် များများဖမ်းပေါ့။ ယခင် ပထမဦးဆုံး ဆင်ဖြူများရှင် ဗိုလ်ချုပ်ခင်ညွှန့်လည်း ဆင်ဖြူကြောင့် အကျယ်ချုပ်နဲ့ ထောင်နန်း စံနေရလို့  ခေါင်းပါဖြူပြီး ဆေးတောင် မဆိုးနိုင်ပါ..။
၂၁ရာစု IT ခေတ်ကြီးထဲ ရောက်ရှိနေပါပြီ ခေတ်နောက်ပြန် မဆွဲပါနဲ့တော့...။ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သီရိလင်္ကာနိုင်ငံရဲ့ တောထဲမှာ ဆင်ဖြူတွေ တွေ့ရှိပေမယ့် သဘာဝအတိုင်း လွှတ်ထားတာပါ..။ သေချာတာကတော့ ဆင်ဖြူ မကြာမကြာ တွေ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့်ရှ်ကတော့ သူမသာကိုယ်မသာ ဆင်းရဲနေရတဲ့ အခြေအနေပါ..။ ဒီတိုင်းသာဆိုရင် ဆင်ဖြူတွေရောက်လာမှ ရေတွေကြီး၊ ပြည်သူပြည်သားတွေ ဆင်းရဲကြပ်တည်း၊ နာဂစ်လို မုန်တိုင်းတွေဝင်၊ တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်တလင်းတွေခင်းနေရတဲ့ အခြေအနေတွေ ဖြစ်နေရတယ်လို့ ပြောရင် လက်ခံနိုင်ပါ့မလား။ လူ့ဘုံမှာ လူဖြစ်နေရတဲ့ မြင့်မြတ်တဲ့ ဘုံဘဝကို ရောက်နေတာတောင်.. အကုသိုလ်ကံကြောင့် နိမ့်ကျတဲ့ အပါယ်လေးဘုံက တိရိစ္ဆာန်က လူထက် မြင့်မြတ်၊ မမြင့်မြတ် သာမန်လူတွေတောင် စဉ်းစားနိုင်ပါတယ်..။ ဆရာကြီး ဒေါက်တာသန်းထွန်း စကားနဲ့ဆိုရရင် ဆင်ဟာဖြူဖြူ၊ မဲမဲ တိရစ္ဆာန်ဟာ တိရိစ္ဆာန်ပဲတဲ့.. လူထက် တိရိစ္ဆာန်က ဘာမှမြင့်မြတ်စရာ အကြောင်းမရှိလေ..။ ပြည်သူလူထုကို မှိုင်းမတိုက်ပါနဲ့ ၊လက်နက်နဲ့ ခြောက်လိုက် တိရိစ္ဆာန်နဲ့ မြှောက်လိုက် လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်.. တတိယမြောက် ဆင်ဖြူများရှင် သမ္မတကြီးခင်ဗျား...။
ဆောင်းပါးရှင် သီတလရဲ့ ဆောင်းပါးအောက်မှာ ဖြည့်စွက် ရေးသားလိုက်ရပါတယ်..
 ဒီမိုဝေယံ
 
Source: http://www.thithtoolwin.com/2011/11/blog-post_2003.html

Monday, November 28, 2011

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက ဖယ်ရှား

မြန်မာစစ်အစိုးရ လက်ထက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တဦး ဖြစ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော် ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း တနင်္သာရီ တိုင်းဒေသ ဝန်ကြီးချုပ် ဦးခင်ဇော် ဖြစ်လာခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။ အရင်က မန္တလေးတိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဝန်ကြီးချုပ် ဦးခင်ဇော်ဟာ ဆန်စပါး အထွက်နည်းတဲ့ တနင်္သာရီတိုင်းကို ဆန်တင်ပို့ခွင့် ပါမစ် ထုတ်ပေးရာမှာ မန္တလေးမြို့ အခြေစိုက် ‘အောင်မြင်သူ’ ကုမ္ပဏီ တခုတည်းကိုသာ နယ်ကျော် တင်သွင်းခွင့် ပေးထားတာကြောင့် မြိတ်၊ ထားဝယ်၊ ကော့သောင် ဒေသက ဆန်ကုန်သည်တွေ ဆန်ဖြန့်ဖြူးရာမှာ အခက်ကြုံရသလို တနင်္သာရီတိုင်း ဒေသခံ ပြည်သူတွေလည်း ဆန်ကို ဈေးကြီးပေး ဝယ်စားနေရတယ်လို့ ဒေသခံ ကုန်သည်တွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ တခြား ကဏ္ဍတွေမှာလည်း အာဏာကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာကြောင့် ဒါကို မကျေနပ်ကြတဲ့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက နေပြည်တော်ကို တိုင်ကြားရာက အခုလို ရာထူးက အဖယ်ရှားခံရကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးခင်ဇော်နဲ့ နီးစပ်တဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းပြီး ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

Source :http://www.rfa.org/burmese/news/khin-zaw-sacked-11262011095749.html