ပညာရေး

တက္ကသိုလ်မှပညာ အင်တာနက်ဖြင့်ရှာ


  • Written by တင်ညွန့်

နာမည်ကျော်တက္ကသိုလ်ကြီးတွေမှာ ဘာတွေသင်နေတယ်၊ ဘယ်လိုတွေသင်နေတယ် ဆိုတာတွေကို အင်တာနက်ကတစ်ဆင့် လေ့လာသင်ယူနိုင်ပါပြီ။ အဲဒီတက္ကသိုလ်ကြီးတွေက သူတို့သင်ကြားမှုတွေကို အင်တာနက်ကနေ အခမဲ့ဖြန့်ဝေပေးနေတဲ့ အစီအစဉ်ကို OCW (OpenCourseWare) လို့ ခေါ်တယ်။
တက္ကသိုလ်တွေ အွန်လိုင်းပေါ်ရောက်လာတာ ၁၉၉၉ ခုနှစ်လောက်ကတည်းက လို့ပြောရမယ်။ ဂျာမနီက Tubingen တက္ကသိုလ်က ဗီဒီယိုသင်ခန်းစာတွေကို အွန်လိုင်းကနေ အဲဒီအချိန်ကတည်းက လွှင့်ထုတ်နေပြီ။
၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ MIT တက္ကသိုလ်ကနေ OCW ဆိုပြီးစတင် လွှင့်တင်ထားတယ်။ အလားတူ Yale, Machigan တက္ကသိုလ်နဲ့ California Berkely တက္ကသိုလ်တွေမှာလည်း OCW စနစ်ကို ကျင့်သုံးနိုင်ဖို့ MIT က အကူအညီတွေ အများကြီးပေးခဲ့တယ်။
MIT အနေနဲ့ OCW နောက်မှာ ရပ်တည်နေရတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပညာရှာမှီးလိုသူတွေ အွန်လိုင်း ကတစ်ဆင့် ပညာဗဟုသုတရရှိစေရန်ဆိုပြီး ရည်ရွယ်ခဲ့တယ်။  အွန်လိုင်းမှာ မိမိသိချင်တာ၊ တတ်ချင်တာကို ရှာဖွေလေ့လာနိုင်ခြင်းဖြင့် မိမိလက်ရှိ သင်ကြားနေတဲ့ ပညာရေးကို အထောက်အကူ ပြုစေရန်ဆိုတာ MIT ရဲ့ OCW အပေါ်ထား တဲ့ စေတနာလို့ပဲဆိုရမယ်။ နောက်ပိုင်း MIT ရဲ့ ပုံစံအတိုင်း တက္ကသိုလ်အတော်များများက အတုယူပြီး လိုက်လုပ်လာပါတယ်။ အဲဒီလို အွန်လိုင်းကတစ်ဆင့် ပညာရှာနိုင်ဖို့ OCW လုပ်ငန်းတွေကို William and Flora Hewlett Foundation ကနေ အထောက်အကူ ပေးနေတယ်။
ပညာရေးမှာ နည်းပညာက အများကြီး အထောက်အကူတွေပေးလာတယ်။ ပညာသင်ကြားရေးမှာ သတင်း အချက်ရရှိရေးဟာ အရေးကြီးပါတယ်။ မျက်မှောက်ခေတ်မှာ အင်တာနက်ဆိုတာ သတင်းအချက်အလက် အများဆုံးရရှိနိုင်တဲ့၊ အမြန်ဆုံးရရှိနိုင်တဲ့နေရာတစ်နေရာဖြစ်တယ်။ ဟားဗတ်နဲ့ MIT တက္ကသိုလ်ကြီးတွေမှာ တံခါးတွေဖွင့်ထားတာကြောင့် ဝင်သွားဖို့ သိပ်မခက်တော့ပါဘူး။
ပညာရေးဆိုတာ စာသင်ခန်းထဲမှာ ပိတ်လှောင်ထားပြီး “ကျက်မှတ်သင်အံ” ဆိုတဲ့ အဆင့်ကနေ အင်တာနက် မှာ “တွေ့မြင်ခံစား လက်တွေ့လေ့လာ” ဆိုတဲ့အဆင့်ကိုရောက်လာတယ်။ အသိဉာဏ်တံခါးကို ဖွင့်သူတွေက ဖွင့်လိုက်တယ်။ သတ္တိရှိရှိ ဝင်ရဲဖို့လိုတယ်။ တစ်ခုတော့ရှိတယ် အဲဒီ တံခါးဆီကို အရောက်သွားရမယ်။ စေ့ထား တဲ့တံခါးကို တွန်းဖွင့်ရဲရမယ်။
အွန်လိုင်းပေါ်မှာ အကောင်းဆုံး OCW တံခါးပေါက် ၁၅ နေရာကို ဖော်ပြလိုက်ပါတယ်။
 
1.    MIT
(http://ocw.mit.edu/index.htm)
MIT ဆိုတာ Massachusetts Institute of Technology ရဲ့ အတိုကောက်ပါ။ ကမ္ဘာ့ အကောင်းဆုံး OCW စာရင်းမှာပါတယ်။ ခေတ်ဦးကိုမီခဲ့တာကြောင့် စုဆောင်းထားသမျှ အတော်လေးစုံတယ်။ ခုမှ စတင်လေ့ လာချင်သူတွေအတွက် အကောင်းဆုံးနေရာ တစ်ခုအနေနဲ့ ညွှန်းချင်တယ်။


2.    iTunes U
(http://www.apple.com/education/itunes-u/)
Audio နဲ့ video ဖိုင်တွေ အများကြီးတင်ထားပေးတယ်။ သင်ကြားပို့ချချက်ပေါင်း ၃၅၀၀၀၀ လောက်ရှိတယ်။ ကမ္ဘာအနှံ့ ကျောင်းသင်ခန်းစာတွေဖြစ်ပါတယ်။ Standford နဲ့ Harvard တက္ကသိုလ်က ပို့ချမှုတွေပါ ရနိုင်တယ်။


3.    UC Berkeley    
(http://webcast.berkeley.edu/)
အွန်လိုင်းအသံလွှင့်ပို့ချချက် (webcasts) တွေကို အများကြီးတင်ထားပေးတယ်။ ရိုးရိုး ပုံမှန် သင်ရိုးတွေအပြင်၊ အထူးပို့ချချက်တွေလည်း ထည့်သွင်းထားတယ်။


4.    The Open University
(http://open.ac.uk/)
ဗြိတိန်အခြေစိုက် အွန်လိုင်းတက္ကသိုလ်တစ်ခုပါ။ ရွေးချယ်စရာတွေများတယ်။ စိတ်ပညာကနေ ရူပဗေဒ ဘာသာရပ်အထိ စိတ်ဝင်စားဖွယ် ပို့ချချက်တွေရှိတယ်။


5.    YouTube EDU
 (http://www.youtube.com/education?b=400)
 တရားဝင် ပို့ချချက်တွေကိုပဲတင်ထားတယ်။ မဟုတ်တရုတ် ဗီဒီယိုတွေ၊ အသံလွှင့်ချက်တွေလုံးဝ မတင်ထား ဘူး။ ပို့ချချက်တွေမှာ UCLA, Standford, Purdue, Auburn စတဲ့ နာမည်ကျော် တက္ကသိုလ် ကြီးတွေပါတယ်။


6.    Khan Academy
(http://www.khanacademy.org/)
နောက်ပိုင်းပေါ်ထွက်လာတဲ့ ခေတ်မီအတိုးတက်ဆုံး site တစ်ခုဖြစ်ပါတယ်။ ဘာသာရပ်ပေါင်းစုံ၊ အတွေး အမြင်ပေါင်းစုံနဲ့ ပတ်သက်တဲ့ ဗီဒီယိုဆွေးနွေးချက် သင်ခန်းစာတွေ အများကြီးတင်ထားတယ်။ လေ့ကျင့်ခန်း တွေကိုလည်း ကိုယ်တိုင်လိုက်လုပ်နိုင်အောင် စီစဉ်ပေးထားတယ်။ ဒီ site ရဲ့ နောက်ကွယ်မှာ အထောက် အပံ့အများဆုံး ပေးနေသူကတော့ ဘေ ဂိတ်စ် ဖြစ်တယ်။


7.    Connexions
(http://cnx.org/)
Rice တက္ကသိုလ်ရဲ့ ပို့ချချက်တွေကို စုဆောင်းတင်ပြပေးထားတယ်။ ဘာသာရပ်မျိုးစုံကို လေ့လာနိုင်တယ်။ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်၊ ကိုယ်လေ့လာသုတေသနပြုထားတာတွေကိုလည်း သူတို့ဆီကတစ်ဆင့် share ပြန်လုပ်နိုင်တယ်။


8.    Columbia Interactive
(http://ci.columbia.edu/ci/)
ဒီ site ထဲကို ဝင်လိုက်ရင် တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်တာတွေ၊ သင်ပေးနေတဲ့ ပို့ချချက်တွေ၊ ဘာသာရပ်ပေါင်းစုံဆွေးနွေးချက်တွေ၊ သင်ထောက်ကူပစ္စည်းတွေကို စုံလင်အောင်တွေ့ရပါလိမ့်မယ်။ လေ့လာချင်သူတွေအတွက် အများကြီးအထောက်အကူ ပေးနိုင်တယ်။


9.    John Hopkins University Bloomberg School of Public Health
(http://ocw.jhsph.edu/)
ကျန်းမာရေးနဲ့ ဆေးပညာဆိုင်ရာ ဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီ site ကအများကြီး အထောက် အကူပေးနိုင်တယ်။


10.    MyCourses
 (http://mycourses.med.harvard.edu/public/)
Harvard တက္ကသိုလ်ကနေ အခြား လူချမ်းသာ သားသမီးတွေတက်တဲ့ ကျောင်းတွေအတွက် အထူး စီစဉ်ပေးထားတဲ့ သင်ကြားပို့ချချက်တွေဖြစ်ပါတယ်။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးထားတာ ကြောင့် များများစားစားတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်ကောင်းတဲ့ ပို့ချချက်တွေပါ။


11.    Academic Earth
(http://academicearth.org)
အွန်လိုင်းသင်ခန်းစာ အတော်များများကို စုဆောင်းတင်ပြထားတယ်။ ကမ္ဘာအနှံ့ ထူးခြားတဲ့ ဟောပြော ပို့ချချက်တွေကို ဒီမှာ လေ့လာနိုင်တယ်။


12.    BBC-Languages
(http://www.bbc.co.uk/languages/)
တကယ့်ကို ထူးထူးခြားခြား စီစဉ်ပေးထားပါတယ်။ အခမဲ့ အသံဖိုင်၊ ဗီဒီယိုဖိုင် ပို့ချချက်တွေကိုရရှိနိုင်ပါတယ်။ ဘာသာစကားမျိုးစုံနဲ့ ရရှိနိုင်အောင်လည်း စီစဉ်ပေးထားတယ်။ ပြင်သစ်၊ စပိန်၊ ဂျာမန်၊ အီတလီ၊ တရုတ် ဘာသာတွေနဲ့ လေ့လာနိုင်အောင် စီစဉ်ပေးထားတယ်။


13.    Einztein
(http://einztein.com/)
ဆိုရှယ်ကွန်ရက်တစ်ခုဖြစ်ပေမယ့် သင်ယူမှု ဆိုင်ရာအထူးစီစဉ်ထားတဲ့ site တစ်ခုဖြစ်တယ်။ ကမ္ဘာအနှံ့ သင်ကြားပို့ချချက်တွေကို ရရှိနိုင်တယ်။ အခမဲ့အွန်လိုင်းအတော်များများနဲ့လည်း ချိတ်ဆက်ပေးထားတယ်။


14.    OCW Consortium
 (http://www.ocwconsortium.org/)
အွန်လိုင်းပို့ချချက်အတော်များများကို တင်ထားပေးတယ်။ အကောင်းဆုံးကျောင်းတွေက၊ အတော်ဆုံး ဆရာတွေရဲ့ သင်ကြားမှုတွေကို လေ့လာနိုင်တယ်။


15.    Open Culture
 (http://www.openculture.com)
ပညာရပ်ဆိုင်ရာ ရင်းမြစ်တွေကို အခမဲ့ရနိုင်အောင် စီစဉ်ပေးထားတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ၊ ရေဒီယို အသံလွှင့်ချက်တွေကို အများကြီးရနိုင်တယ်။

Source: http://maukkha.org/index.php/feature-article/1987-maukkha-online-univerisites

 

 

 

အသိအမှတ်ပြုမှု ဆင်းရဲနေဆဲ မြန်မာ့ စာသင်ခန်းနှင့် လူ့အဖွဲ့အစည်း





တွေးခေါ်ပညာရှင် ဟေဂယ်လ်က အသိအမှတ်ပြုခြင်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“လူသားများသည် သိက္ခာရှိသော လူသားများအဖြစ် အသိအမှတ်ပြုခံရခြင်းကို လိုအင်ဆန္ဒ ရှိကြပေသည်။ ၄င်းဆန္ဒသည်ပင်လျင် ဂုဏ်သိက္ခာအတွက် သွေးစွန်းသော တိုက်ပွဲများကို ပေါ်ပေါက်စေသည်။ ၄င်းတိုက်ပွဲများမှ လူ့အဖွဲ့အစည်းတွင် သခင်နှင့် ကျွှန်လူတန်းစား နှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ သခင် ဖြစ်လိုသော သူများသည် သူ့တို့အသက်စွန့်ရမည်ကို ၀န်မလေးဘဲ၊ အသက်စွန့်ရမှာကို ကြောက်သော သူများသည် ကျွှန်များဖြစ်လာကြသည် ဟု တွေးခေါ် ပညာရှင် ဟေဂယ်လ် မှတင်ပြခဲ့သည်။ 

ကျနော် စီဒီစီ ကျောင်းတွင် သမိုင်းနှင့် နိုင်ငံရေး သိပ္ပံဘာသာရပ်သင် ဆရာ လုပ်လာခဲ့သည်မှာ တနှစ်ပြည့်တော့မည် ဖြစ်သည်။ စီဒီစီ ကျောင်း Grade 12 (c) အခန်းတွင် နိုင်ငံရေး သိပ္ပံသင်ကြားရင်း ကျောင်းသားများနှင့် အသိအမှတ် ပြုခြင်း (Recognize) ဆိုင်ရာ ကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ကျောင်းသားများနှင့် ဆွေးနွေးမှု ကိုအလွယ်တကူ ဖြစ်စေမည့် ကျောင်းသူ ကျောင်းသား အသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ် များကို ပုံမှန် ဆွေးနွေး ဖြစ်ကြသည်။

ဥပမာ “စာမေးပွဲ တခုတွင် အတန်းသားအားလုံး သုည အမှတ် ရသည်” ဆိုသော ခေါင်းစဉ်ပင် ဖြစ်သည်။ သုည အမှတ်ရသော အတန်းသား အားလုံး မှားသလား၊ (သို့) ၄င်းဘာသာရပ်ကို သင်သော ဆရာမှားသလား (သို့) မည်သူတွင် အားနည်းချက်ရှိသည် ဆိုသော အဆိုကို ကျောင်းသားများ တဦးချင်း ဖြေကြားရသော နိုင်ငံရေး သိပ္ပံဘာသာရပ် ဆွေးနွေးပွဲလေး ဖြစ်သည်။ ကျောင်းသား အများစု၏ အဖြေတွင် ဆရာမှားသည် ဆိုသော တူညီသော အဖြေကို ရရှိခဲ့သည်။ သင်ခန်းစာ ပြီးသွားသော အချိန်တွင် ဆရာတဦးဖြစ်သော ကျနော်နှင့် မိတ်ဆွေ ဆရာများအတွက် တွေးစရာအကြောင်း အရာတခု ပိုလာခဲ့ပါသည်။
ကျောင်းဆရာ တဦးအဖြစ် အသက်မွေးရင်း အခါအားလျော်စွာ စာပေ ရေးသားခြင်းဖြင့် ဘ၀ ၀မ်းရေးကို ဖြေရှင်းနေရသော ကျနော်သည်လည်း အသိအမှတ်ပြုမှုကို လိုလားတောင့်တနေသော သူဖြစ်သည်ကို ၀န်ခံလိုပါသည်။ ပြည်တွင်းတွင် ကဗျာဆရာတဦး၊ အယ်ဒီတာ လုပ်ခဲ့ပြီး ယခုအခါ နယူးဇီလန်တွင် နေထိုင်သည့် ဆရာခင်လွန်း (၀ါ) ဆရာ ဘဖေငြိမ်းမှ ကျနော်ရေးသော အက်ဆေး “ အမေနေ့အတွက် မှတ်စုလေး” နှင့် ဆောင်းပါး “ ဖြေသိမ့်လိုက်” ကောင်းမွန်ကြောင်း၊ “ ခင်ဗျားက တကယ့် စာရေးဆရာ ဖြစ်သွားပြီဗျာ” လို့ပြောလိုက်သောအခါ ကျနော့်ရင်ထဲတွင် အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်မိခဲ့ပါသည်။ 

ပုံမှန်အားဖြင့် အချက်အလက် အခြေခံ ဆောင်းပါးများသာ ရေးသားလေ့ရှိသော ကျနော်သည် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားကာ အက်ဆေးများ၊ ရသစာပေများကို ပါရေးသား လာခဲ့သည်။ ဦးခင်လွန်း၏ အသိအမှတ် ပြုမှုသည် ကျနော့်ဘ၀၏ အချိုးအကွေ့ အချို့ကိုဖြစ်ပေါ်စေ ခဲ့ပါသည်။ အသိအမှန်ပြုခြင်း၏ အရေးပါမှု ကိုယ်တွေ့ ဖြစ်ရပ် ဖြစ်ကြောင်း တင်ပြခြင်း ဖြစ်ပါသည်။ 

တွေးခေါ်ပညာရှင် ဟေဂယ်လ် မှ လူသားတို့သည် အသိအမှတ်ပြုမှုကို ဆာလောင် မွတ်သိပ်နေသော သူများဖြစ်သည်။ အသိအမှတ်ပြုမှုကို လိုလားသည့်အတွက် သွေးစွန်းသော တိုက်ပွဲများ ပေါ်ပေါက်ခဲ၊့ ပေါ်ပေါက်နေဆဲ ဖြစ်သည်ကိုတွေ့ရှိ ရပေမည်။ ဤကဲ့သို့ လူ့အဖွဲ့အစည်းအတွက် အရေးပါသော အသိအမှတ်ပြုခြင်း ဆိုင်ရာ ယဉ်ကျေးမှု မြန်မာ့ပညာရေးတွင် အဘယ်ကြောင့် မှေးမှိန်နေပါသနည်း။ 

ကျနော်တို့၏ မြန်မာ့ ပညာရေးလူ့အဖွဲ့အစည်းတွင် အသိအမှတ်ပြုမှု ဆိုင်ရာ ယဉ်ကျေးမှုကို မည်မျှထိ လုပ်ဆောင် နေသည် ကို ဆန်းစစ်လေ့လာသင့်ပေသည်။ ကျနော်၏ နိုင်ငံရေး သိပ္ပံအတန်းတွင် ဧည့်သည် ဆရာအဖြစ် လုပ်ခဲ့သည် အမေရိကန်နိုင်ငံက ဆရာတဦးမှ “ခင်ဗျားတို့ ကလေးတွေကို ဖြစ်သလို ပစ်ထားကြတာဘဲ၊ အသိအမှတ်ပြုမှု မရှိတဲ့ စာသင်ခန်းက ဘယ်လိုမှ ရလဒ်ကောင်းတွေ ထွက်မလာနိုင်ဘူး” ဟုကျနော့် ကိုထောက်ပြခဲ့ဘူးသည်။ 

အမေရိကန်တို့၏ စာပေသင်ကြားမှုဆိုင်ရာကို အသိမှတ်ပြုခြင်းနဲ့ တွဲထားကြောင်း ကလေးတွေ မိမိအပေါ် ယုံကြည်မှု ရှိလာအောင် စာသင်ခန်းတွင်းမှ လုပ်ပေးကြောင်း သူ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။ ကလေးငယ် အယောက် (၂၀) ရှိသော စာသင်ခန်းတွင် အယောက် (၂၀) လုံးအတွက် လူ့အဖွဲ့အစည်းမှ အသိအမှတ် ပြုမှု ဆိုင်ရာ ဆုတံဆိပ်များကို ချိတ်ဆွဲထားကြောင်း ပြောဆိုခဲ့သည်။
ကျောင်းသား တဦးအဖို့ စာတော်ခြင်း၊ အားကစား တော်ခြင်းသာလျင် အသိအမှတ်ပြုသော ဆုတံဆိပ် ချီးမြှင့်သင့်သည် မဟုတ်ဘဲ ဘာသာရပ်အားလုံးတွင် ညံ့နေပြီး ကျောင်းမှန်သည့်၊ အတန်းတွင်း၏ သန့်ရှင်ရေး အပါအ၀င် လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်နေသည့် ကျောင်းသားအား အသိအမှတ်ပြုသည့် ဆုတံဆိပ် ချီးမြှင့်ရန် မသင့်တော်ပေဘူးလား။ 

Grade 11 (A) တွင် ကျောင်းသားများနှင့် အသိအမှတ်ပြုမှု ဆိုင်ရာကို ဆွေးနွေးကြည့်သော သူတို့၏ အတွင်းစိတ် သဘောထားကို တွေ့ခဲ့ရသည်။ “စာမေးပွဲ တခုတွင် အတန်းသားအားလုံး သုံည အမှတ် ရသည်”ဆိုသော ခေါင်းစဉ် အောက်တွင် ကျောင်းသားများ၏တုန့်ပြန်မှု ကောင်းသည်ကို တွေ့ရသည်။ ကျောင်းသား အများစု၏ သဘောထားတွင် သုံည ရသည်အထိ သူ့တို့မညံ့ကြောင်းကို အချက်အလက်များဖြင့် ထောက်ပြပြောဆိုကြသည်။ အကယ်၍ သုံည ရခဲ့လျင် ဆရာနှင့် ကျောင်းသားများ အကြားတွင် နားလည်မှု တစုံးတရာ အကြီးအကျယ် လွဲနိုင်ကြောင်းကို ပြောဆိုခဲ့သည်။
Grade 11 (A) တွင် ကျောင်းသား (၂၀) ဦးရှိသည့်အနက် နှစ်ဦးသော ကျောင်းသားသာ ဘောလုံး အားကစား ထူးချွှန်မှုအတွက် အသိအမှတ်ပြုမှု၏ တစိတ်တပိုင်း ဖြစ်သော ဆုတံဆိပ်ကို ရရှိကြောင်း ပြောဆိုခဲ့သည်။ ကျန်သော ကျောင်းသား ၁၈ ဦးသည် မည်သည့် အသိအမှတ်ပြုမှုကိုမှ လက်ခံရရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ 

Grade 12 (c ) အခန်းတွင် ကျောင်းသား ၂၄ ဦးရှိသည့်အနက် လူ့အဖွဲ့အစည်း၏ အသိအမှတ်ပြုမှုကို (၃) ဦးသော ကျောင်းသားသာ ရရှိခဲ့သည်။ တဦးက အမှတ်အများဆုံး ရသည့်အတွက်၊ နောက်တဦးက တပါးသူ၏ ပစ္စည်း ကောက်ရသည် ကို ပြန်လည် အပ်နှုံသည့်အတွက် အဖွဲ့အစည်း တခုမှ ချီးမြှင့်သည့် ဆုကို ရရှိခဲ့ပြီး၊ ကျန်နေသော ကျောင်းသား တဦးမှာ တရွာလုံးတွင် ဆယ်တန်းအောင်သောသူ တဦးတည်း ဖြစ်သည့်အတွက် ရွာမှပေးသည့် ဂုဏ်ပြုဆုတံဆိပ်ကို ရရှိခဲ့သည်။
အသိအမှတ်ပြုခြင်း ဆိုင်ရာကို မြန်မာနိုင်ငံရေး နယ်ပယ်တွင် ထည့်သွင်းစဉ်းစားကြည့်သည့် ကျနော့်မိတ်ဆွေ ဆရာဦးဝင်းမြင့်က “ကျနော်တို့ဟာ ငယ်ငယ်ကတည်းက အသိအမှတ်ပြုမှုကို အရမ်း မက်မောခဲ့ကြတယ်၊ အသိအမှတ်ပြုခြင်း ခံရတာကို မက်မောပြီး နိုင်ငံရေး ပါတီကြားလည်း အကွဲအပြဲ ဇာတ်လမ်းတွေ ပေါ်ပေါက်နေတယ်၊ ဘယ်ရာထူး၊ ဘယ်တာဝန်မရရင် မလုပ်ဘူးဆိုတဲ့ အပြုအမှု တွေက အသိအမှတ်ပြုမှုကို မက်မောတဲ့အတွက် ပေါ်ပေါက်လာရတာဖြစ်တယ်” ဟုပြောဆိုခဲ့သည်။ ဤကဲ့သို့ မက်မောခြင်း ဖြစ်ပေါ်လာရသည်မှာ ငယ်စတည်းက အသိအမှတ်ပြုသော ယဉ်ကျေးမှု မရှိခဲ့သည့် (သို့) အာနည်းခဲ့သည့်အတွက် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ 

နိုင်ငံတနိုင်ငံ၏ ပညာရေး ပေါ်လစီကို မည်ကဲ့သို့ အကောင်အထည် ဖေါ်မည်၊ မည်သို့သော နိုင်ငံ့ သားကောင်းမျိုးကို မွေးထုတ်မည် ဆိုသော ရည်မှန်းချက်သည် အလွန်အရေးပါကြောင်း၊ နိုင်ငံ၏ ရည်မှန်းချက် ဘောင်အတွင်း တဦးချင်းဆိုင်ရာ အရည်အချင်းကို အသိအမှတ်ပြုမှု နည်းပါးသွားခြင်းသည် နိုင်ငံ့အနာဂါတ် မျိုးသစ်များအပေါ် ထိခိုက်နိုင်ကြောင်း ဆရာဦးဝင်းမြင့်မှ ထောက်ပြခဲ့သည်။ 

ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်း၏ အသိအမှတ်ပြုမှု ဆိုင်ရာယဉ်ကျေးမှုကို ပြန်လည် ဆန်းစစ်သော အခါ နိုင်ငံ့၏ရည်မှန်းချက် ဘောင်အတွင်း ဖြစ်လေ့ရှိခဲ့သည်ကို တွေ့ရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် လူရည်ချွှန် ဟုခေါ်သော လူတန်းစားခွဲခြားသည့် ယဉ်ကျေးမှု တခုဖြစ်ပေါ်ခဲ့ပေသည်။ 

ဘောင်အတွင်းမှ အသိအမှတ်ပြုမှုကို ရရှိလိုသည့်အတွက် ကျောင်းသားများ အကြား အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။တခါကကမ္ဘာကျော်မဂ္ဂဇင်းတခုတွင် ရေစီးထဲစီးမျောနေသည့် ခွေးကလေးတစ်ကောင်ကို ကယ်ဆယ်ခဲ့သည်ကိုသူနေထိုင်ရာရပ်ကွက်မှဂုဏ်ပြုချီးမြှင့်ခြင်းကိုခံခဲ့ရသည့်ကလေးငယ်တဦးသည် နောင်တွင်အသက်စွန့်ခဲ့သည့် မီးသတ်သမား ဖြစ်လာသည်ကို ဖတ်ခဲ့ဖူးပါသည်။ အသိအမှတ်ပြုခြင်း၏ နောက်ကွယ်တွင် ကြီးမားသော ခွန်အားရှိသည်ကို သတိပြုမိစေလိုပါသည်။ 

ကျနော်တို့နိုင်ငံ၏ အနာဂါတ် ကံကြမ္မာကို ဖန်တီးမည့် ကလေးငယ်များအား သုံညရမှတ်ကို ပေးမည်လော (သို့) အသက်စွန့်ရဲမည့် ခွန်အားမျိုးကို ဖြစ်စေသည့် ဂုဏ်ပြုမှုမျိုးကို ပေးမည်လော စဉ်းစားသင့်ပေသည်။
ကျနော်တို့နိုင်ငံသည် အာရှတွင်ပင် သဘ၀သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံ ဖြစ်ပါသော်လည်း ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ၊ ကျန်းမာရေးစောင့်ရှောင့်မှု အနိမ့်ဆုံးနိုင်ငံ၊ ပြည်တွင်း စစ်အရှည်ကြာဆုံးနိုင်ငံ အဖြစ်စံနှုန်း အမျိုးမျိုးဖြင့် သတ်မှတ်ခံရသော နိုင်ငံ ဖြစ်ပါသည်။ ဖောဖောသီသီ သုံး၍ရသော၊ ငွေကြေးကုန်ကျမှုနည်းသည့် “အသိအမှတ်ပြုမှု” ဆင်းရဲသော လူမျိုး မဖြစ်စေရန် အထူးအလေးထားသင့်ကြောင်း။
လှရွှေ

source: http://maukkha.org/index.php/interview-maukkha/opinion-maukkha/1854-maukkha-hla-shwe





ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ


ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုတ်နှုံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လင်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။


၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။

၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။

၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။ နိုဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။ နိုဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။

၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။

၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။
၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။
၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။

၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။ 

စောပြည့်ညို

source: http://maukkha.org/index.php/news-menu/international-news-maukkha/1807-maukkha-world-most-educated-countries

 

နိုင်ငံခြားကျောင်းသားများ အကြွေးဆပ်ရန် ပျက်ကွက်

အင်္ဂလန်တွင်ပညာသင်ကြားရေးအတွက် ဗြိတိသျှအခွန်ထမ်းပြည်သူတို့၏ ငွေများကို ချေးယူခဲ့သော နိုင်ငံခြားသား ကျောင်းသား ထောင်ပေါင်းများစွာတို့ အကြွေးဆပ်ရန် ပျက်ကွက်နေကြသည်။




ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများမှ ကြွေးဆပ်ရမည့် ကျောင်းသားများ၏ ၄၅ % သည် လွန်ခဲ့သော ဧပြီလမှစ၍ ကြွေးဆပ်ရန်ရှိ နေပါလျက် ကြွေးမဆပ်ဘဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ကြသည်။ ဤသတင်းကြောင့် ပညာသင်ကြေးအတွက် အစိုးရထံမှ ချေးငွေဖြင့် ဘွဲ့ ရရှိရန် အလားအလာရှိကြသော ကျောင်းသားများအဖို့  ပြဿနာဖြစ်စရာရှိသည်။

ကြွေးဆပ်ရန်ရှိသည့် အင်္ဂလန်ကျောင်းသားများအနက် ရှောင်တိမ်းနေသူများသည် ၂% သာလျှင် ရှိသည်။ ကျန်သော ကြွေးတင် ကျောင်းသားများကမူ ရရှိသော လစာသည် သတ်မှတ်ပေးထားသော လစာနှုန်းထက် နိမ့်နေသဖြင့် ကြွေးဆိုင်းငံ့ခွင့် ရရှိထားကြ သည်။

ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ ကျောင်းသားအတော်များများသည် မိမိတို့၏ နေရင်း တိုင်းပြည်များသို့ ပြန်သွားခဲ့ကြပြီးဖြစ်သည်။မိမိတို့ မည်သည့်နေရာဒေသမှာ ရှိနေကြာင်းကို ကျောင်းသားချေးငွေကုမ္ပဏီ (SLC) သို့ အကြောင်းမကြားဘဲသော်၎င်း၊ အကြွေးဆိုင်းငံ့ခွင့် မတောင်းခံဘဲသော်၎င်း ရှိနေကြသည်။ ငွေချေးခဲ့သူ ကျောင်းသားများ ပေးဆပ် စရာရှိသော ကြွေးငွေ စုစုပေါင်းသည် (၂၀၀၉ /၂၀၁၀) နှစ်ကုန်တွင် ပေါင်စတာလင်ငွေ (၄၇ ဒသမ ၄) သန်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းများဌာန (BIS) ၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။  ရှာ၍မတွေ့ သော (သို့ မဟုတ်) ကြွေးကျန်သော ကျောင်းသားများအနေနှင့် ကြွေးမဆပ်တော့ပါက ဘဏ္ဏာရေးဌာနအဖို့ ပေါင်စတာလင်ငွေ သန်း (၂၀) ကျော် ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

ကြွေးမဆပ်သူ ကျောင်းးသား (၄) ပုံ (၃) ပုံနှင့်ပတ်သက်၍ ‘လောလောဆယ်မှာ ကြွေးမဆပ်သေး (ကြွေးဆပ်မှုအဆင့် သတ်မှတ်ရေးအတွက် နောက်ထပ် သတင်းအချက်အလက်များလိုအပ်)’ဟု မှတ်ချက်ပေးထားသည်။ ကျောင်းသားချေးငွေ ကုမ္ပဏီ (SLC) အနေနှင့် ထို ကျောင်းသားများကို ရှာမတွေ့သည့် သဘောဖြစ်သည်။ အင်္ဂလန် တက္ကသိုလ်များမှာ တနှစ်တာ ပညာသင်ကြေးကို ပေါင်စတာလင် (၉,၀၀၀) အထိ တိုးမြှင့်လိုက်ပါက ယခုနှစ်မှာ အီးယူ ကျောင်းသားများ ချေးယူရရှိနိုင်မည့် ချေးငွေပမာဏသည်လည်း သိသိသာသာ တိုးလာမည်ဖြစ်သည်။ မကြာမီမှာ အခွန်ထမ်းတို့၏ ငွေများ ဥရောပသမဂ္ဂသို့  ကြွေးဆုံး အဖြစ် ‘သွေးယိုစီးသွား’ ရချည်ရဲ့ ဟု ရတက်မအေးစရာဖြစ်နေသည်။

နိုင်ငံခြားကျောင်းသားများ ကြွေးမဆပ်ခြင်းသည် ‘စနစ်၏ မွေးရာပါ’ ဖြစ်သည်ဟု အဆင့်မြင့်ပညာရေး ပေါ်လစီအဖွဲ့ (Higher Education Policy Institute) ၏ ညွှန်ကြားရေးမှူးဖြစ်သူ ဘာ့ရမ်း ဘဲခရတ် နီယာက ဆိုပါသည်။  ‘အီးယူကျောင်းသား အတော်များများကတော့ ကြွေးပြန်ဆပ်မှာ မဟုတ်ဘူး။ ပြည်တွင်းကျောင်းသားတွေနဲ့  အတူတူလောက်ဘဲ၊ အီးယူကျောင်းသားတွေ ဆီကလည်း ကြွေးတွေပြန်တောင်းလို့ ရမှာ မဟုတ်ဘူး’  ‘ဒါကတော့ စနစ်ရဲ့  မွေးရာပါပဲ။ ဒီကျောင်းသားတွေ ဘယ်မှာရှိတယ် ဆိုတာကို ဖေါ်ထုတ်ပြီး၊ တရားစွဲဖို့ ဆိုတာက စဉ်းစားကြည့်ရင် တော်တော်ခက်တဲ့ကိစ္စ ဖြစ်နေမလားပဲ။ ကုန်ကျစားရိတ်လည်း တော်တော် ကြီးလိမ့်မယ်။’

ကျောင်းသားချေးငွေကုမ္ပဏီ (SLC) အနေနှင့် ဗြိတိန်မှာ အလုပ်ရသော ဘွဲ့ ရများဆီမှနေ၍ ငွေကို တိုက်ရိုက် နှုတ်ယူ၍ရပါသည်။ သို့ရာတွင် နိုင်ငံခြားမှာ နေထိုင်ပြီး၊ အလုပ်လုပ်နေသူများ ကိစ္စတွင်မူ ထိုသူတို့က ၀င်ငွေအကြောင်းနှင့်ပတ်သက်၍ နောက်ဆုံးပေါ် သတင်း အချက်အလက်များပေးခြင်းနှင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကြွေးဆပ်ခြင်းတို့ကိုသာ မျှော်လင့် အားထားစရာရှိတော့သည်။
ကြွေးခြင်းမပြုလျှင် ပြစ်မှုဖြင့် တရားစွဲဆို ခံရနိုင်ကြောင်း (သို့တည်းမဟုတ်) ကြွေးကို တလုံးတခဲတည်း ပြန်ဆပ်ရမည်ဖြစ်ကြောင်း ဘွဲ့ ရများအား သတိပေးထားသည်။ အာဏာပိုင်များအနေနှင့် ဗြိတိသျှတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို ရယူပြီး ကြွေးတောင်း နိုင်ကြပါသည် (ဥရောပသမဂ္ဂ၀င် အခြားနိုင်ငံများ၏ တရားရုံးများကလည်း စီရင်ဆုံးဖြတ်နိုင်သည်)။ သို့ရာတွင် ဤကဲ့သို့သော အမှုမျိုးမှာ ရှားသည်။
အင်္ဂလန်တက္ကသိုလ်များရှိ ဘွဲ့ ကြို၊ ဘွဲ့ လွန်ကျောင်းသားဦးရေ (၂၀) တွင် အီးယူ ကျောင်းသားများတဦးနှုန်း  ပါဝင်သည်ဟု အင်္ဂလန် တက္ကသိုလ်များ၏ လက်ထောက် အဓိပတိများအဖွဲ့ မှ ထုတ်ပြန်သော ကိန်းဂဏန်း များအရ သိရသည်။
မောင်မောင်သန်း

source: http://maukkha.org/index.php/news-menu/international-news-maukkha/1792-foreign-students-do-not-pay-loan








စင်္ကာပူ အောင်မြင်မှုနောက်ကွယ်မှ ပညာရေး စွမ်းဆောင်မှု (၇) ချက်

Category: ဆောင်းပါး
Published on Saturday, 28 January 2012 06:17
Written by ၀င့်ထန်း


မြန်မာအပါဝင်အာရှမှဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ဆယ်စုနှစ်ငါးခုအတွင်းကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် လျှောက်လှမ်းခဲ့သည့် စင်္ကာပူမြို့ပြနိုင်ငံလေးရဲ့ အောင်မြင်မှုကနေ သင်ခန်းစာယူစရာတွေ တပုံတပင် ရှိနေသည်။
စင်္ကာပူရဲ့ အတွေ့အကြုံကို ‘ပိစိဖိတ် ပဉ္စလက်’ (Miracle of the Pacific) ဟု တင်စားကြသည်။ စင်္ကာပူက ထူးခြားထင်ရှားတဲ့ ပိစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ Apec ခေါ် အာရှပိစိဖိတ် နိုင်ငံအားလုံးမှ စီးပွားရေးအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြို့လည်း ဖြစ်သည်။ 

၁၉၅၀ ပြည့်လွန်နှစ်တွေကိုကြည့်ရင် စင်္ကာပူမှာ နိုင်ငံရေး တည်ငြိမ်မှုမရှိ။ ကွန်မြူနစ်တွေ ခေါင်းထောင်နေချိန် ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်တွေနဲ့ တဲအိမ်တွေသာ ပြည့်နေသည်။ ဒါပေမဲ့ လီကွမ်ယူရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ စင်္ကာပူဟာ မီးပုံထဲက ထပျံတဲ့ ဖီးနစ်ငှက်လို ထူးဆန်းစွာ နိုးထလာနိုင်ခဲ့သည်။ 

စစ်အေးခေတ် အယူဝါဒတွေ အငြင်းပွားနေချိန်ကစပြီး စနစ်ထက် အစိုးရအဖွဲ့ good governance ဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ စင်္ကာပူက လျှောက်လှမ်းခဲ့ပြီး၊ ယနေ့ ကမ္ဘာ့ အချမ်းသာဆုံးနှင့် ခေတ်အမှီဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ အထိဖြစ်သည်။
ယခု စကာင်္ပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၆၂၀၀၀ ရှိသောကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ နံပါတ် (၅) ချိတ်နေသည်။ လူဦးရေ ၄.၇ သန်း ရှိတဲ့ မြို့ပြနိုင်ငံမှာ နိုင်ငံခြား အရန်ငွေကြေး အမေရိကန် ဒေါ်လာ ၂၂၅.၇ ဘီလီယံ ရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန် ပြည်ထောင်စုရဲ့ အရန်ငွေကြေးထက် နှစ်ဆနီးပါးခန့် ပိုသည်။ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အရ ကမ္ဘာ့အဆင့်မှာ စင်္ကာပူက နံပါတ် (၂ ) ရှိသည်ဟု Freedom House နောက်ဆုံးအစီရင်ခံစာက ဖော်ပြသည်။ 

၁၉၆၅ ခုနှစ်ကမှ နိုင်ငံသစ်အဖြစ် မွေးဖွားလာတဲ့ စင်္ကာပူဟာ သဘာဝရင်းမြစ် တစိုးတစိမရှိဘဲ ဘာကြောင့် စီးပွားရေး အောင်မြင်မှု ဒီလောက်ဖြစ်လာရသလဲ။
အမေရိကန် မင်နီဆိုးတား တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Wfry ကတော့ အဓိက အချက် သုံးချက်ကို ထောက်ပြသည်။
(၁) ပထ၀ီအနေအထား မဟာဗျူဟာကျမှု
(၂) ခေါင်းဆောင်မှု
(၃) ပညာရေး/ လူသားရင်းမြစ် ဖွံ့ဖြိုးမှု တို့ကြောင့်ဟု ဆိုသည်။

ခြင်္သေ့မြို့တော်ရဲ့ ပညာရေး ၇ ချက်
ဒီနေရာမှာ စင်္ကာပူ ပညာရေးကိုသာ ဦးစားပေး ဆွေးနွေးပါမည်။ စင်္ကာပူပညာရေးကိုကြည့်ရင် ပထမအချက်က ကွန်ဖျူးရှပ် အဆုံးအမ တန်ဖိုးများအပေါ် အခြေခံကျင့်သုံးထားတာကို တွေ့ရမည်။ ကွန်ဖျူးရှပ်က လူတစ်ဦးချင်းစီတိုင်း ပညာရေးကို အလေးထားဖို့၊ ဆရာတွေကို ရိုသေလေးစားဖို့၊ ကျောင်းသားတွေကို အစွမ်းကုန် မီးထိုးလှုံ့ဆော်ပေးဖို့ (high motivation) အထပ်ထပ် သွန်သင်ဆုံးမထားသည်။ 

ဒါကြောင့် စင်္ကာပူမှာ ကျောင်းဆရာတွေရဲ့ လစာက အမြင့်ဆုံးမှာ ရှိသည်။ ဆရာတွေကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင်၊ သင်ကြားရေးမှာ စွဲဆောင်မှုရှိအောင် တီထွင်ဆန်းသစ်မှုတွေလုပ်နိုင်ဖို့ ပုံအောအားပေးသည်။ ပညာရေးကို အရည်အသွေးမြင့်အောင် အစွမ်းကုန် မြှင့်တင်ကြိုးစားခြင်းကြောင့် စင်္ကာပူက ကမ္ဘာ့ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်း ဖြစ်သည်။ 

နောက် အရေးပါတဲ့ ဒုတိယအချက်က စင်္ကာပူလူ့အဖွဲ့အစည်းက ဗဟုယဉ်ကျေးမှုဖြစ်ပြီး၊ ဘာသာစကား မျိုးစုံသုံးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခြင်းပင်။ ဘာသာစကားမျိုးစုံအသုံးပြုသော စိတ်နှင့် တီထွင်ဖန်တီးမှု အကြား ဆက်နွယ်မှု (the relationship between multilingual mind and creativity) ရှိတာကို အနောက်နိုင်ငံတွေကနေ စင်္ကာပူက သင်ခန်းစာယူထားသည်။ စင်္ကာပူနိုင်ငံသားတွေက မလေး၊ တမီလ်၊ တရုတ် ဒေသိယဘာသာစကား မျိုးစုံ အသုံးပြုသလို၊ ကျောင်းသားတွေက ကမ္ဘာ့အရေးပါဆုံး ဘာသာစကားနှစ်ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ မန်ဒရင်း ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုကြရသည်။

တတိယအချက်က ပညာရေးကို လက်တွေ့အကျိုးဖြစ်အောင် လုပ်ဆောင်ခြင်း (pragmatism) ဖြစ်သည်။ သိပ္ပံ၊ အင်ဖော်မေးရှင်း နည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အကယ်ဒမစ်နယ်ပယ်တွေကနေ တိုင်းပြည် စီးပွားရေး အကျိုးရလဒ်ထွက်လာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရက ကျောင်းသား အများအပြားကို ရွေးချယ်ပြီး အဆင့်မြင့်ပညာ အားကောင်းတဲ့ အမေရိက၊ ဥရောပနဲ့ ဩစတြေးလျတို့ကို စေလွှတ်ပြီး ပညာသင်ပေးသည်။ 

စတုတ္ထအချက်က လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်သည်။ ကျောင်းသားတွေကို ကျွမ်းကျင်မှုအပြည်နဲ့ လုပ်ငန်းခွင် ၀င်နိုင်အောင် polytechnic universities တွေမှာ ထရိန်နင်ပေးခြင်း ဖြစ်သည်။ 

ပဉ္စမအချက်က အစိုးရ ပေါ်လစီမှာ အသိပညာစီးပွားရေး (knowledge economy) ကို အဓိက ဦးစားပေးခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဂိုချောက်တောင် ဆိုရင် စင်္ကာပူကို ‘အာရှရဲ့ ဘော်စတွန်’ ဖြစ်စေရမယ်ဟု ကြွေးကြော်ခဲ့သည်။ အမေရိကန် ဘော်စတွန်မြို့ကြီးမှာ တီထွင်ဖန်တီးသူတွေနဲ့ အန်ထရာပရာနား ခေါ် လုပ်ငန်းရှင်တွေ မပြတ်မွေးထုတ်ပေးနေတဲ့ ဟားဗတ်နဲ့ MIT တက္ကသိုလ်တို့ အပါအ၀င် အဆင့်မြင့် ပညာရေးစင်တာများ စုဝေးနေတာကို အားကျ ပြောဆိုခြင်း ဖြစ်သည်။ 

ဆဌမအချက်က ဂလိုဘယ်လိုက်ဇေးရှင်းစနစ်ကို အသုံးချနိုင်ခြင်း ဖြစ်သည်။ စင်္ကာပူရဲ့ ဖွံ့ဖြိုးမှုမှာ နိုင်ငံတကာ ပညာရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေး ဗဟိုချက်ဖြစ်မှုတို့က အဓိကကျသည်။ မလေးရှားနဲ့ ထိုင်းတို့မှာ အလားတူ လုပ်ငန်းတွေရှိပေမဲ့၊ စင်္ကာပူရဲ့ အဓိကအားသာချက်က အာရှ ပိစိဖိတ်ဒေသနိုင်ငံတွေအနက် အင်္ဂလိပ်စာကို အကောင်းဆုံးပြောနိုင်တဲ့ ၄င်းလူထု ရှိနေခြင်း ဖြစ်သည်။ (ထိုင်းနိုင်ငံရဲ့ အဓိက အားသာချက်ကတော့ လုပ်သားအင်အား ဈေးသက်သာခြင်းနှင့် နိုင်ငံခြားခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာအများအပြား ရှိခြင်း ဖြစ်သည်။)

နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က စင်္ကာပူမှာ နိုင်ငံသားပညာရေး (ပြည်သူ့နီတိ ပညာရေး) ကို ဖွံ့ဖြိုးအောင် အထူးပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု၊ ဥပဒေ ရိုသေလိုက်နာမှု၊ နိုင်ငံကြီးသားစိတ် ဖွံ့ဖြိုးမှု မရှိဘဲ ကမ္ဘာ့ရှေ့တန်း မရောက်နိုင်ဘူးဆိုတာကို စင်္ကာပူ ပညာတတ်ခေါင်းဆောင်တွေက ကောင်းစွာ သိထားကြသည်။ ဒါ့အပြင် စင်္ကာပူ ပညာရေးကို အမြဲတမ်း တိုးတက်မြှင့်တင်နေဖို့အတွက် အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Yale- NUS လစ်ဘရယ်ပညာရေး ကောလိပ်ကို ဖွင့်ထားသည်။ 

အချုပ်ဆိုရရင် စင်္ကာပူမြို့ပြနိုင်ငံ ကမ္ဘာ့ထိပ်ဆုံးရောက်တဲ့အထိ အောင်မြင်မှုရလာခြင်းမှာ ခေတ်သစ် အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းမှုနှင့် ရိုးသားပြီး ထိုးထွင်းဖန်တီးနိုင်စွမ်းသော ခေါင်းဆောင်မှုတို့ကြောင့်ဟု ပညာရှင်များက သုံးသပ်ကြသည်။
ဝင့်ထန်း

source: http://maukkha.org/index.php/feature-article/1786-maukkha-amazing-story-of-singapore 




ပညာရေးအကြောင်း မကောင်းပြောမယ်ဆိုရင်





တစ်လောက ဂျာနယ်တစ်စောင်မှာ မြန်မာ့ပညာရေးစနစ် မဖွံ့ဖြိုး မတိုးတက်ရတာကို ဆရာ ဆရာမတွေကြောင့်လို့ ၀ါးလုံးကို မစင်သုတ်ရမ်းသွားတဲ့ တက္ကသိုလ်ဆရာတစ်ဦးရဲ့ ဆောင်းပါးကို ဖတ်လိုက်ရတယ်။ ရက်စက်ပါပေ့ ဆရာရယ်။ ခရီးတစ်ခုကို ကားစီးပြီးသွားခိုင်းတယ်။ ကားကပျက်တယ်။ ကားပျက်လို့ အချိန်မီ မရောက်တာ ဘယ်သူ့ကို အပြစ်တင်နေတာလဲ။ ကားပျက်နဲ့ ခရီးထွက်ခိုင်းသူကိုလား၊ ကားကိုလား၊ ဒရိုင်ဘာကိုလား၊ စပယ်ယာကိုလား၊ လမ်းကိုလား၊ စက်ကိုလား၊ကားစီးလာတဲ့သူတွေကိုလား။

လက်ရှိ ကျွန်တော်တို့နိုင်ရဲ့ ပညာရေးစနစ်ဟာ အစိုးရက မနိုင်ဝန်ထမ်းပြီး သူလည်းမတတ်နိုင်၊ ငါလည်း မတတ်နိုင် မရှူနိုင် မကယ်နိုင်ဖြစ်လာမှ ပုဂ္ဂလိကလက်ထဲ ပညာရေးကိုထည့်ဖို့ ကြိုးစားနေချိန်ဆိုတာကို ပထမဦးဆုံး သဘောပေါက်ထားသင့်တယ်။ တက္ကသိုလ်မှာပျက်တယ်ဆိုတာ တက္ကသိုလ်ရောက်မှ ပျက်တာမဟုတ်ဘူး။ တတ်သင့်တာတွေ မတတ်လာတာ၊ သိသင့်တာတွေ မသိလာတာ အခြေခံပညာကတည်းက အခြေမခိုင်ခဲ့တာကို သဘောပေါက်သင့်ပါတယ်။ ကလေးတွေ အင်္ဂလိပ်စာ ကောင်းကောင်း မတတ်တာ ဘယ်သူ့အပြစ်လဲ။

ကျွန်တော် ကျောင်းဆရာဖြစ်စက ကျေးလက်က ဆရာကြီးတစ်ယောက် အင်္ဂလိပ်စာသင်နေပုံကို ပြောမယ်။ ကျေးလက်ကဆရာကြီးတွေဟာ ယခင်ဟယ်ရီတန်ခေတ် ၇ တန်းနဲ့ ဆရာဖြစ်သင်လက်မှတ်ရပြီး ဆရာဖြစ်လာ တာတွေဆိုတာကိုတော့ ဦးစွာပြောထားချင်ပါတယ်။ သူတို့ မြန်မာစာကောင်းကောင်းသင်တတ်တယ်၊ မြန်မာလို ရေးထားတာတွေ ကောင်းကောင်းသင်တတ်တယ်။ အင်္ဂလိပ်လိုကျတော့ ဘယ်လိုသင်နေသလဲကြည့်ရအောင်
No. 1 a book
No. 2 a car
No.3 a pencil
အဲဒီသင်ခန်းစာကို ဆရာကြီးတွေက
နိုးဝမ်း အေဘုတ်
နိုးတူး အေကား
နိုးတူး အေပင်းဆဲ လို့ ကလေးတွေကို အတိုင်အဖောက်နဲ့ အားရပါးရသင်တယ်။
အဲဒါကို ကျွန်တော်တို့ ဘယ်သူ့ကို အပြစ်တင်မလဲ။ အဲဒီဆရာကြီးတွေကို နှစ်ပေါင်းများစွာ ကျေးလက်မှာ ပစ်ထားပြီး၊ ကျေးလက်သူ တွေနဲ့ညား၊ ကျေးလက်မှာနေ၊ ကျေးလက်မှာသေ၊ ဘယ်နှနှစ်ပစ်ထားခဲ့သလဲ။ မွမ်းမံခြင်းမရှိ၊ ပြုပြင်ခြင်းမရှိ မြန်မာပြန်ထားတဲ့ မီးနင်းစာအုပ်ဖွင့်ပြီး book ကို ဘွတ်ခ လို့ အသံထွက်ပြနေတာကို ကျွန်တော်တို့ အဲဒီ ဆရာကြီးအပေါ် အပြစ်တင်ရမလား။
ကျေးလက်မှာ မူလတန်း ကျောင်းတစ်ကျောင်း၊ စာသင်ခန်း ၅ ခန်း၊ ကျောင်းသားက အနည်းဆုံး ၄၀ ကနေ ၆၀ လောက်ကို အဲဒီ ဆရာကြီးတစ်ယောက်တည်းနဲ့ လွှတ်ထားတဲ့နှစ် ပေါင်းက ဘယ်လောက်များကြာခဲ့သလဲ။ 

မြို့ပေါ်ကကျောင်းတွေပေါ်မှာလည်း မြန်မာစာဘွဲ့ရက အင်္ဂလိပ်စာသင်၊ ဥပဒေဘွဲ့ရက ဓာတုဗေဒသင်၊ စီးပွားရေးဘွဲ့ရက သင်္ချာသင်၊ ကျူရှင်သင်လို့ရတဲ့ ဘာသာရပ်အတွက် ကျောင်းအုပ်ကိုကပ်ဖားပြီး သင်ချင်ရာ သင်နေတဲ့ ပညာရေးစနစ်ကို ဘယ်သူတွေက ခွင့်ပြုထားတာလဲ။ ဆရာတစ်ယောက်ဟာ အတန်းထဲကိုရောက် လာရင် အပြင်ထုတ် ဦးဥာဏ်လင်းရဲ့ မီးနင်းစာအုပ်ကြီးဖွင့်ပြီးတော့ အဲဒီအထဲက အသံထွက်တွေအတိုင်း လိုက်ဖတ်ပြီးသင်နေတာကို ကျွန်တော်တို့ ဘယ်သူ့ကို အပြစ်တင်မလဲ။
ကျွန်တော်တို့ငယ်စဉ်က ဆရာကောင်းတွေနဲ့ ကြုံခဲ့ရလို့ အတိုင်းမသိ ပီတိဖြစ်မိတယ်။ ကျွန်တော် ၉ တန်းနှစ်က မြန်မာစာဆရာကြီးဟာ အတန်းထဲကို မြေဖြူလေးတစ်ချောင်းကိုင်ပြီး ၀င်လာတတ်တယ်။ သူ့လက်ထဲမှာ မြေဖြူ ကလွဲပြီး ဘာမှ ပါမလာဘူး။ ၄၅ မိနစ်တစ်ချိန်လုံး မြန်မာစာနဲ့ ပတ်သက်ပြီး ဗဟုသုတတွေပြောပြနေတာကို ကျွန်တော်တို့ အချိန်ကုန်မှာတောင်ကြောက်တယ်။
သူပြောနေ သင်နေတာ စာအုပ်ထဲက တစ်လုံးမှ မပါဘူး။ အတန်းထဲရောက်လို့လည်း စာအုပ်ဖွင့်လို့ တစ်ခါမှ မခိုင်းဘူး။ စာမေးပွဲအောင်ချင်ရင် စာအုပ်ထဲကစာကိုဖတ်၊ စာတတ်ချင်ရင်နားထောင်ဆိုပြီး သင်နေတာ။ သူသင်တဲ့အထဲမှာ မြန်မာ့ဓလေ့တွေပါတယ်၊ ရိုးရာယဉ်ကျေးမှု တွေပါတယ်၊ နီတိတွေပါတယ်၊ ဘုရားဟောတွေပါတယ်။

ကျွန်တော်တို့ခေတ်က စာစီစာကုံးဆိုတာ ကျက်ဖြေရတာမဟုတ်ဘူး။ စာစီစာကုံးအတွက် အမှတ် ၂၀ ဖိုးကို ကျိန်းသေ ၁၀ မှတ်လောက်ရဖို့ တွက်ထားပြီးဖြေကြတာ။ ဘာခေါင်းစဉ်လာလာ လက်တန်းရေးနိုင် ဖြေနိုင်တာ အဲဒီလိုဆရာကြီးတွေရဲ့ ပြုစုပျိုးထောင်မှုကောင်းလို့ပါ။
ကျွန်တော်တို့ တက္ကသိုလ်ရောက်တော့လည်း စာမေးပွဲခန်းထဲကို ကြိုက်တဲ့စာအုပ်တွေ ယူသွားလို့ရတယ်လို့ ပြောတာကို ဒီခေတ်လူငယ်တွေက ပါးစပ်အဟောင်းသားလေးတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့ စာမေးပွဲဖြေတဲ့ အခန်းထဲကို စာအုပ်တွေ၊ Dictionary တွေကိုင်ပြီးဝင်သွားရတဲ့ခေတ်၊ စာမေးပွဲစစ်တာ မေးခွန်းတစ်ခုတည်းနဲ့ ၃ နာရီလုံးလုံး ချွေးပြန်ရတဲ့ခေတ်တွေနဲ့ အမှန်တကယ်ကြုံဖူးတယ်။
အင်္ဂလိပ်စာဆိုရင်လည်း story တွေသင်တယ်။ Grammar သင်တယ်။ Essay ကို gist လောက်ပဲပေးပြီး ရေးခိုင်းတယ်။ Letter writing တွေကို အတန်းထဲမှာပဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ရေးခိုင်း၊ အတန်းပြင်ထွက်ဖတ်ပြ၊ တ၀ါးဝါး တဟားဟားဖြစ်အောင် သင်ပြတတ်တဲ့ဆရာတွေရှိတယ်။ အင်္ဂလိပ်စာကို မပျင်းအောင်သင်ဖို့ အင်္ဂလိပ်လို ကျွမ်းကျင်မှရမှာပေါ့။
ကျွန်တော်တို့ကို အင်္ဂလိပ်စာသင်တဲ့ ဆရာတွေက အင်္ဂလိပ်လိုကောင်းကောင်းတတ်တယ်။ အင်္ဂလိပ်လို ဖတ်တယ်။ သတင်းစာဖတ်လည်း အင်္ဂလိပ်သတင်းစာ Guardian လိုမျိုးမှ ဖတ်တယ်။ ဒီခေတ်ကျမှ grammar မသင်ပါနဲ့ကနေ၊ အင်္ဂလိပ်စာကို တော်ကြာတစ်မျိုး ပြောင်း၊ တော်ကြာနှစ်မျိုးပြောင်း။ လူကြီးက ဒါကောင်းတယ် ပြောရင် လိုက်သင်။ နောက်လူကြီးပြောင်းတော့ အဲဒါမကောင်းဘူး ဒါကောင်းတယ်ပြောရင် လိုက်သင်။ ဆန်စင်ရာ ကျည်ပွေ့လိုက် ဘယ်မှာ အခြေကျလို့တုန်း။ 

ဒီခေတ် အင်္ဂလိပ်စာသင်တဲ့ဆရာတွေက အင်္ဂလိပ်သတင်းစာမပြောနဲ့ ရွှေသွေးတို့၊ မိုးသောက်ပန်းတို့လို ကာတွန်းတွေမှာ အင်္ဂလိပ်လိုပါရင် ကျော်ဖတ်သွားကြတာ။ မတတ်ရင် သင်လို့မရအောင် ဘာကြောင့် မလုပ်နိုင် ကြတာလဲ။ မတတ်ဘဲနဲ့ တတ်ယောင်ကားတွေနဲ့ မြန်မာ့ပညာရေးစနစ်ကို သွားခိုင်းနေတာ ဘယ်နှနှစ်ကြာနေပြီ လဲ။ ဒါကြောင့် ကျွန်တော့်ဆရာကြီးတစ်ယောက်ရဲ့ စကားနဲ့ ပြန်ပြောရမယ်ဆိုရင် “မင်းတို့ဟာက စနစ်တကျ ဖျက်ဆီးခြင်းခံထားရတာ” လို့ ဆိုတာကို လွန်တယ်ပြောမှာလား။
ကျွန်တော် အခြေခံပညာရေးလမ်းကြောင်းကို ပြန်သွားပါ့မယ်။ ဆရာတွေ အရည်အချင်းပြည့်မီအောင် ဆရာ အတတ်သင်တွေဖွင့်ပါတယ်၊ ဘီအီးဒီသင်တန်းတွေဖွင့်ပါတယ်။ ပညာရေးဆိုင်ရာ ဘွဲ့တွေ အပ်နှင်းပေးပါတယ်။ အဲဒီ ဆရာတွေ၊ ဆရာမတွေ qualified ဖြစ်ကြောင်းကို သူတို့ကိုလည်း စာတွေကျက်ခိုင်းပြီး စာမေးပွဲနဲ့ အဆုံး အဖြတ် ပေးလိုက်ကြတာ။ 

သင်တန်းတစ်ခုမှာ ဆရာ ဆရာမ ၁၀၀ လောက် သင်တန်းလာတက်တယ်ဆိုရင် ဘယ်နှစ်ယောက် စာကြည့်တိုက်သုံးနိုင်အောင် သင်သလဲ။ စာကြည့်တိုက်ကနေ reference လုပ်နိုင်မှ စာမေးပွဲ ဖြေနိုင်အောင် လေ့ကျင့်ပေးဖူးသလား။ ခေတ်ပြောင်း စနစ်ပြောင်းမှာ အင်တာနက်၊ အွန်လိုင်းကနေ ပညာရှာလို့ ရတဲ့အစီအစဉ်တွေ၊ စနစ်တွေကို လက်တွေ့သင်ပေးဖူးသလား။ ဆရာတွေကို ကွန်ပျူတာ၊ အင်တာနက်သုံးနိုင် အောင်၊ သုံးတတ်အောင်၊ မသုံးရင်မရအောင် လေ့ကျင့်ပေးဖူးသလား။
ကျောင်းတွေက ကွန်ပျူတာခန်းထဲကို ကျောင်းသားတွေထက်အရင် ဆရာတွေကို ၀င်နိုင်အောင် အခွင့်ပေးဖူးသလား။ ကျောင်းသားနဲ့ ဆရာ ကွန်ပျူတာ၊ အင်တာနက် သိကျွမ်းမှုနှုန်းက ဘယ်ဘက်က ပိုများမယ်ထင်သလဲ။ ကွန်ပျူတာမပြောနဲ့ ဂဏန်း ပေါင်းစက်တောင် မနှိပ်တတ်တဲ့ ဆရာဦးရေ ဘယ်လောက် ရှိမယ်ထင်သလဲ။ 

ကျောင်းတွေမှာက ဆရာတွေပြောတာလုပ်၊ ခိုင်းတာလုပ်နေရတဲ့ဘ၀ဆိုတာ ဦးစွာသိထားစေလိုပါတယ်။ ခုချိန် မှာ ဆရာဗဟိုပြုတာတွေ၊ ကျောင်းသားဗဟိုပြုတာတွေ ဂရုစိုက်လိုက်နာဆောင်ရွက်နေတဲ့ ဆရာ ဘယ်နှယောက် ရှိမယ်ထင်သလဲ။ ဘာကို ဗဟိုပြုခိုင်းခိုင်း အချိန်ကျလာရင် ဆရာက အတန်းထဲဝင်လာ၊ အတန်းရှေ့မှာ နေ၊ စာအုပ်ဖွင့်၊ လိုက်ဖတ်၊ လိုက်ဆို၊ ဒါမေး၊ ဒါဖြေလုပ်နေလည်း ဒီလခနဲ့ အချိန်တန် စာမေးပွဲအောင်ရင် ပြီးနေ တာပဲ။ စာမေးပွဲမချရဆိုရင် မကျအောင်မေးခွန်းပြောသင်လိုက်တယ်။
စာမေးပွဲချဆိုရင်လည်း ငါ့ဆီကျူရှင်လာ မတက်သူ မကူနိုင်တော့ဘူးလုပ်လိုက်တယ်။ “စာမေးပွဲ မချရဲဘူး။ စာမေးပွဲချလိုက်တာနဲ့ နွေရာသီမှာ မနားရတော့ဘူး။ 

အဲဒီကျောင်းသားကို ပြန်ကုစားပါဆိုလို့ နွေမှာ ပြန်ခေါ်သင်၊ စာမေးပွဲပြန်စစ်၊ အောင် အောင်လုပ်ပေး ရနဲ့ အရမ်းအလုပ်ရှုပ်တယ်။ ဒါကြောင့်တစ်ခါတည်း အအောင်ပေးလိုက်တယ် ပြီးရော” လို့ ၀တ်ကျေတန်းကျေ ပြောလာတာ ဘာကြောင့်လဲ။ကျောင်းတစ်ကျောင်းမှာ ဆရာတွေ ကျူရှင်သင်တာကိုပဲ အပြစ်တင်နေကြတယ်။ ကျူရှင်မသင်နိုင်တဲ့၊ သင်စရာ မလိုတဲ့စနစ်မျိုးကို တီထွင်ဖို့ကြိုးစားဖူးသလား။ ပုဂ္ဂလိကကျောင်းတွေမှာ ကျူရှင်မရှိဘူးထင်သလား။ ပုဂ္ဂလိက ကျောင်းတွေမှာလည်း ကျူရှင်သင်နေတာတွေရှိတာပဲ။ ဒါပေမယ့် ပိုတတ်ချင် ပိုတော်ချင်၊ နိုင်ငံခြားသွားချင်၊ အမှတ်ကောင်းချင်လို့ သင်နေကြတာ။ စာမေးပွဲအောင်ဖို့ သင်နေကြတာမဟုတ်ဘူး။
ဒီနေရာမှာ ကြုံတုန်း Steve Denning ဆိုသူ စီးပွားရေးအတိုင်ပင်ခံ၊ စာရေးဆရာတစ်ယောက်ရဲ့ အပြောလေး ကို ပြောချင်ပါတယ်။ စတိက “ယနေ့ ပညာရေးရဲ့ အကြီးမားဆုံး ပြဿနာဟာ အစဉ်အလာဆိုတဲ့ဘောင်ကြီးကို မကျော်လွန်နိုင်သေးတာပဲ။ လမ်းရိုး လမ်းဟောင်းအတိုင်းပဲသွားနေတယ်။
ပညာရေးကို စက်ရုံအလုပ်ရုံကနေ ကုန်ထုတ်လုပ်မှုစနစ်အတိုင်း ပညာတတ်ဆိုတာတွေကို မွေးထုတ်နေတဲ့စနစ် ဖြစ်နေသေးတယ်။ စနစ်ဆိုတဲ့ ဘောင်ကို မကျော်နိုင်သေးဘူး။ စနစ်ကိုပြောင်းရမယ်။ စနစ်ကိုပြောင်းရမယ်ဆိုတဲ့ နေရာမှာ ငါပြောသလိုလုပ်၊ ငါခိုင်းသလိုပဲလုပ်၊ ငါဆုံးဖြတ်သလိုလုပ်ဆိုတဲ့ ပညာရေးမျိုးကိုပြောတာမဟုတ်ဘူး။
သင်ယူမှုလမ်းကြောင်းမှာ ပညာဆိုတာကို မြတ်နိုးတတ်အောင်၊ ဘ၀တစ်သက်တာ ပညာရှာလိုစိတ်ရှိအောင်၊ ဘယ်လိုအခြေအနေရောက် ရောက်၊ ဘယ်လိုဘ၀မျိုးရောက်ရောက် ပညာရှာချင်စိတ်ရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ဖို့ပြောတာ” ဆိုတဲ့ စကားလေးကို စဉ်းစားဆင်ခြင်သင့်ပြီထင်တယ်။ 

အစိုးရကျောင်းတွေမှာ ကိုယ့်သားသမီးကို ကိုယ့်ကျောင်းက ဘာသာရပ်ဆရာဆီကို ကျူရှင်ပို့နေကြတာ တတ်ဖို့ဆိုတာထက်၊ အောင်ဖို့ဆိုတဲ့ အဓိကဦးတည်ချက်နဲ့ ပို့နေကြတာ။ လက်ရှိ တက္ကသိုလ်ဝင်တန်းဆိုတာက လည်း တက္ကသိုလ်ကို အဆင့်အတန်းရှိရှိသွားဖို့ထက်၊ အတားအဆီးတစ်ခုခုကို ကျော်ဖြတ်နိုင်အောင် အတင်းကြိုးစားလုပ်ယူနေကြသလိုဖြစ်နေတယ်။
ဒီစနစ်ဆိုတာက ဆရာတွေ လုပ်တာမဟုတ်ဘူး။ ဆရာတွေက လိုက်ပြီး အကောင်အထည်ဖော်ပေးနေရာက ယိုပေါက် စိမ့်ပေါက်တွေကို အခွင့်ကောင်းတစ်ခုအနေနဲ့ အသုံးချ လိုက်တာ။ စနစ်ဆိုတာက ပေါ်လစီ ချမှတ်သူတွေက လုပ်ကြတာ။ ဆရာတွေက လုပ်နေကြတာမဟုတ်ဘူးလို့ ကျွန်တော်တော့ နားလည်တယ်။
ဒါဆိုရင် ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲကလို အစွယ်လိုသူက မိဖုရား၊ စေခိုင်းသူက ရှင်ဘုရင်၊ လေးပစ်သူက ဘုရားကျွန်တော် ဒီကြားထဲမှာမှ ပြုသမျှဒဏ် နင်ချည်းသာခံပေတော့ဆိုသလိုမျိုးလုပ် တာကတော့ မမျှတဘူးလို့ ဆိုချင်ပါတယ်။
တင်ညွန့်
၁၄.၁.၂၀၁၂

source: http://maukkha.org/index.php/feature-article/1746-maukkha-myanmar-teachers-quality

 

  

အမေရိကန်သမ္မတ၏ “ပညာရေး” သက်ပြင်းချသံ...

“အမေရိကန်နိုင်ငံရဲ့ ပညာရေးဟာ မြန်မာ့ပညာရေးနှင့် ဘယ်လိုများ ပတ်သက် နေပါသလဲ” ဟု အမေးပြုလာအံ့ ပတ်သက် နေသည်ဟုသာ ပြောပါရစေတော့။
ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်ခု၏ ပညာရေးအဆင့်နိမ့် ကျရသည့်အကြောင်းရင်း၊ ကြုံဆုံရ သောဒုက္ခ၊ ပညာရေးအဆင့်(၁)သို့ ပြန်လည်ရောက်ရှိရန် ကြိုးစားနေသည့် ကုစားချက်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင်ခန်းစာကောင်းဟု ယူဆမိပါသည်။
ထိပ်သီးနိုင်ငံမှ ပညာတတ်များပင် ကမ္ဘာတွင် နောက်ကျကျန်ရစ်ခဲ့လျှင် ကျွန်တော်တို့ နိုင်ငံမှ ကျောင်းသားများ မည်မျှ ကြိုးစားကြရမည်ကို သိစေချင်ပါသည်။ ဘုရားလောင်း “ဇနက္က” ထုံးကို နှလုံးမူ၍ အစွမ်းကုန် ကြိုးစား ကာ “ကမ္ဘာ့ပညာရေးသမုဒ္ဒရာ” ကြီးကို လက်ပစ်ကူးနိုင်ကြပါစေဟု...။

ပညာရေးနှင့် တိုင်းပြည်အနာဂတ်

အမေရိကန် သမ္မတကြီး “ဘားရက် အိုဘားမား” က ကောလိပ် မှဘွဲ့ ရလာသူ နည်းပါးလာခြင်းသည် တိုင်းပြည်၏ အနာဂတ် အရေးဖြစ်၍ မတွေးဝန့်စရာဖြစ်ရ ကြောင်း ပြောကြားပါသည်။ ယနေ့ ပညာရေး နိမ့်ကျသော နိုင်ငံများသည် နက်ဖြန်၏ စိန်ခေါ်မှုများကို အရှုံးပေးရ မှာမလွဲကြောင်း ထောက် ပြသွားပါသည်။ သမ္မတကြီး၏ တက္ကဆက် တက္ကသိုလ်၌ ကျောင်းသားများကို ပညာရေးနှင့် ပတ်သက်၍ သတိပေးပုံမှာလည်း မှတ်သား စရာပင်။
တိုင်းပြည်ရှိ တက္ကသိုလ် ကျောင်း သားသုံးပုံတစ်ပုံနှင့် အထက်တန်း ကျောင်းသား (၅၀%) ခန့်သည် ကောလိပ်မှ ဒီဂရီရအောင် ကျောင်း တက်လိုသည့် ဆန္ဒမရှိခြင်းမှာ တိုင်း ပြည်နစ်နာကြောင်း ၂၀၂၀ခုနှစ်တွင် အဆင့်မီသော တက္ကသိုလ်ဘွဲ့ရ (၈) သန်းခန့် မွေးထုတ်နိုင်မှသာ နံပါတ် (၁) အဆင့် ပြန်ရောက်နိုင်မည် ဖြစ်ကြောင်း ယခုအမေရိကန်နိုင်ငံ ၏ ပညာရေးအဆင့်သည် အမှတ် (၁)နေရာမှ အမှတ် (၁၂) သို့ ဆင်း သွားပုံကို သမ္မတကြီးက ပြောကြားခဲ့ပါသည်။
တိုင်းပြည်တွင် ပညာတတ်များပေါမှ စီးပွားရေး အတွက် စိတ်ချရမည်ဖြစ်၍ အမေရိကန် ကျောင်းသားများ တက္ကသိုလ် တက်နိုင်အောင် ကြိုးစားကြရန်နှင့် ဘွဲ့ရရှိရေးအတွက် ကျားကုတ်ကျား ခဲ ဆောင်ရွက်ကြရန်လိုကြောင်း သမ္မတကြီးက ကျောင်းသားများအား တိုက်တွန်းခဲ့ပါသည်။

 ညံ့လျှင်ခံရမည့်ခေတ်

အမေရိကန်လူငယ်များသည် သင်္ချာ၊ သိပ္ပံနှင့် နည်းပညာဘာသာ ရပ်များကို ပိုမိုဂရုစိုက်သင်ကြားကြ ရန်လည်း မိန့်ကြားပါသည်။ အနာဂတ်တွင် အလုပ်အကိုင် နေရာကောင်းများကို ယင်းဘာသာရပ် များတွင် အပြိုင်ကြဲနေသော တရုတ် နှင့် အိန္ဒိယ ကျောင်းသားများက နေရာဝင်ယူသွားမည် ဖြစ်ကြောင်း သတိပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံတွင် သာမန်လုပ်ငန်းတစ် နေရာအတွက် အလုပ်ရှာဖွေသူ(၄) ဦးထက် မနည်းရှိ၏။ သိပ္ပံနှင့် နည်း ပညာနယ်ပယ် စီးပွားရေးလုပ်ကွက် များ၌ အဆင့်မြင့် ကျွမ်းကျင် ဝန်ထမ်းများ ရရှိရေးအတွက် အခက်ကြုံနေရ၏။ ယင်းကိစ္စကို ပြည်သူ လူထုသို့ စကားပြောခွင့်ကြုံတိုင်း သမ္မတကြီးက ထောက်ပြခဲ့ပါသည်။

 ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၂၀ဝ)

 “တိုင်း(မ)” သတင်းစာကြီး ၏အဆင့်မြင့်ပညာရေး အဖွဲ့ကြီးက ကမ္ဘာပေါ်ရှိ တက္ကသိုလ်များအဆင့်ကို ၂၀ဝ၄ ခုနှစ်မှ စတင်၍ အနီး ကပ် လေ့လာသတ်မှတ်ခဲ့ပါသည်။ ၂၀ဝ၈ ခုနှစ် အမေရိကန်နိုင်ငံရှိ တက္ကသိုလ် (၅၈)ခုသည် ကမ္ဘာ့ ထိပ်သီးတက္ကသိုလ် (၂၀ဝ)စာရင်း တွင်ပါဝင်၏။
၂၀ဝ၉ခုနှစ် ရောက်သောအခါ (၅၄) ခုသာအဆင့်မီပါ တော့သည်။ ၂၀ဝ၈ မှ ၂၀ဝ၉ ခုနှစ် အတွင်းထိပ်သီးတက္ကသိုလ် (၂၀ဝ) စာရင်းတွင် ဂျပန်နိုင်ငံမှ တက္ကသိုလ် (၁၁)ခု၊ ဟောင်ကောင် မှ (၅) ခု၊ တောင်ကိုရီးယားမှ (၄) ခု တို့ ပါဝင်လာပါသည်။
တရုတ်ပြည်မကြီးကား ပညာရေး ဖွံ့ဖြိုးတိုး တက်မှုတွင် အဆင့် (၆)၌ ရှိ၏။ သုတေသနမျိုးစုံကို ပညာရှင်များက လုပ်ဆောင်နေပြီး တက္ကသိုလ် /ကောလိပ်များကိုလည်း ရန်ပုံငွေ အလုံအလောက် ပေးထား၏။ ဆန့်ကျင်ဘက်အဖြစ် အမေရိကန်တို့က စီးပွားရေးမပြေလည်၍ တက္ကသိုလ် /ကောလိပ် ရန်ပုံငွေများကို လျှော့ချခဲ့ပါသည်။ ထို့ကြောင့် အာရှနိုင်ငံများ တိုးတက်လာကြောင်း တင်ပြထားပါသည်။

 ပညာရေးနှင့် နှလုံးရောဂါ

 ကိုလံဘီယာ တက္ကသိုလ်မှ ဒေါက်တာ “စန်ဒရိုဂါလီယာ” ဆိုသော သုတေသီက အမေရိကန် သန်းခေါင် စာရင်းဗျူရိုမှ ကိန်းဂဏန်းများကို ကိုးကား၍ အောက်ပါအတိုင်းတင် ပြခဲ့ပါသည်။
သူက ပညာရေးအခြေ အနေနိမ့်ပါးမှုသည် လူသားများကို သတ်နေသည့်ကိုယ်ပျောက်လူသတ်သမား အမည်ရသည့် နှလုံးရောဂါ နှင့်ပင်တူကြောင်း နှိုင်းခိုင်း ပြောကြားခဲ့ပါသည်။
ခရစ်နှစ် ၂၀ဝ၀ က အမေ ရိကန်တွင် လူ (၂၄၅၀ဝ၀) သည် ပညာရေးဗဟုသုတနည်းပါး၍ သေဆုံးခဲ့ရ၏။ လူမျိုးရေး ပဋိပက္ခ ကြောင့် (၁၇၆၀ဝ၀) ယောက် လူမှုရေး ထောက်ပံ့မှု မလုံလောက်၍ (၁၆၂၀ဝ၀) ယောက် ဆင်းရဲမွဲတေမှု ကြောင့် (၁၃၃၀ဝ၀) ယောက် ဝင်ငွေ နည်းပါး၍ (၁၁၉၀ဝ၀) ယောက် နှင့် ဆင်းရဲသား ရပ်ကွက်မှ (၃၉၀ဝ၀) ယောက် ကွယ်လွန်ခဲ့ ကြောင်း ဖော်ပြထား၏။
အဓိကမှာ အမေရိကန်တွင်လူပေါင်း (၂၄၅၀ဝ၀) သေဆုံးရခြင်းမှာ ပညာရေးနိမ့်ကျမှု နှင့် ဆက်နွယ်နေသော ကျန်းမာရေး ဗဟုသုတမရှိမှုကြောင့်ပင်။ ယင်း တို့အနက် လူပေါင်း (၁၉၂၈၉၈) ဦးမှာ နှလုံးရောဂါကြောင့် သေဆုံးခဲ့၍ဖြစ်ကြောင်း ဖော်ပြထား၏။

ပညာရေးပြုပြင်ပြောင်းလဲမှု

 အမေရိကန်နိုင်ငံ၏ ပညာရေး စနစ်အကောင်းဆုံးဖြစ်ရန် ကြိုးစား ကြရပါမည်။ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရမည့်အပြင် ရန်ပုံငွေ လည်း အပြည့်အဝရရှိရန် လိုအပ် ကြောင်း “အိုဘားမား” က “လော့ (စ)အိန်းဂျလိ့စ်” မြို့တော်ခန်းမ စည်းဝေးပွဲ၌ ပြောကြား သွားပါသည်။ ပညာရေး ထိပ်တန်းရောက်ရန် ပြည်နယ်အစိုးရများက (ကျောင်း သားများစာပေတွင် မွေ့လျှော်ရန်) ငွေကြေး အများအပြား သုံးစွဲခဲ့ပါ သည်။
အထူးသဖြင့် ကယ်လီဖိုး နီးယားပြည်နယ်ရှိ ကျောင်းများ သည် ရန်ပုံငွေလိုအပ်နေ၍ သက် ဆိုင်ရာမှ အမြန်ဆုံး ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း သိရပါသည်။ အသင်အပြကောင်းသောဆရာ များရရှိရေးအတွက် ယင်းပုဂ္ဂိုလ်များ ၏ အရည်အသွေးကို သုံးသပ်၍ အကဲဖြတ်နိုင်ပါသည်။
အကယ်၍ “စံမမီ” သော ဆရာများဖြစ်ပါက ထိုသူများကိုဆရာအဖြစ်မှ ကျော ခိုင်းစေပြီး သူတို့နှင့် သင့်တော်သော အခြားလုပ်ငန်းများကို ရှာဖွေ၍ပေး မည်ဖြစ်ကြောင်း သမ္မတကြီး က မြွက်ကြားပါသည်။
ငွေကြေးနှင့် ပတ်သက်၍ ပညာရေးနှင့် သက် ဆိုင်သောဥပဒေမူကြမ်းတစ်ရပ်ကို တင်သွင်းမည် ဖြစ်ကြောင်းလည်း သိရပါသည်။ ထို့ပြင် လူငယ်များ ပညာသင်ကြားရေးစရိတ် ရရှိရန် ငြိမ်းချမ်းရေး တပ်ဖွဲ့ (PEACE CORPS) များတွင် လုပ်အားပေးခြင်းဖြင့်လည်းကောင်းနိုင်ငံတစ်ဝန်းရှိ ကလေးများကို စာပေသင်ကြား ပေးခြင်းဖြင့်လည်းကောင်း ရရှိနိုင် ပါသည်။
ပညာရေးပြုပြင် ပြောင်းလဲမှု လုပ်ခြင်းသည် နိုင်ငံတွင်စီးပွားရေး ကျဆင်းမှုကို နာလန်ထူအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တစ် နေ့တခြား ကောလိပ်များမှ ဘွဲ့ ရရှိသည့် ကျောင်းသား များနည်းလာ ကြောင်း၊ ယနေ့ပညာရေးနိမ့်ကျမှု ကြောင့် နက်ဖြန်ခါအပြိုင်ကြဲရမည့် ပွဲတွင် အရှုံးကိုသာရမှာဖြစ်ကြောင်း သမ္မတကြီးကဆိုပါသည်။ လုပ်ငန်း ရှင်များက လူမျိုး၊ ဘာသာကို မရွေး ဘဲ တတ်သိ ကျွမ်းကျင်သူများကို သာ ရှာဖွေငှားရမ်းလေ့ရှိပါသည်။
ထို့ကြောင့် ပညာရေးအဆင့်မီအောင် ယနေ့မှစ၍ နည်းလမ်းကောင်းများ ကို အသုံးချပြီး ကြိုးစားရန်လို ကြောင်း ပြောကြား ပါသည်။
၂၀၁၂ ခုနှစ်အတွက် သမ္မတရွေး ကောက်ပွဲ၏ နိုင်ငံရေးဦးတည်ချက် အဖြစ် “ပညာရည်မြင့်မားရေး” ဆောင် ပုဒ်ကိုလည်း အကောင်အထည်ဖော် ပါမည်။ ထို့ကြောင့် သမ္မတကြီး၏ ဒေါ်လာ (၄၄၇) ဘီလျံတန်၊ လုပ်ငန်း ဖန်တီးမှုအစီအစဉ်အရ ကျောင်းများကို အသစ်ဆောက်ခြင်း၊ မွမ်းမံခြင်းနှင့် အရည်အချင်း ပြည့်မီသော ဆရာများအားငှားရမ်းပြီး “ကလေး အားလုံးစာ ဖတ်စို့” (NO CHILD LEFT BEHIND) ဟူသော ပေါ်လစီကို သမ္မတကြီးက ဆက်လက်၍ အကောင်အထည်ဖော်ခဲ့ပါသည်။ 
စိုးမင်းဦး

 

 

အမေရိကန်နှင့် အခြားနိုင်ငံများရှိ အလုပ်လက်မဲ့ အများဆုံး ဘွဲ့ဒီဂရီများ


အမေရိကန် ပြည်ထောင်စုရှိ ကျောင်းသားများသည် ကောလိပ်ကျောင်းများတွင် ထင်ရှား ကျော်ကြားသော ပလေတို၊ ရှိက်စပီးယား စသည့် ပုဂ္ဂိုလ်ကျော်များ၏ ထင်ရှားကျော်ကြားမှုများကို လေ့လာရန် စိတ်ဝင်စားမှု ရှိကောင်းရှိခဲ့ကြမည်။

သို့သော် ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပြုလုပ်သော သုတေသန တွေ့ရှိချက်တွင် ၄င်းပုဂ္ဂိုလ်ကျော်ကြီးများရဲ့ Arts, Humanities and Architecture ဘာသာရပ်တို့ဖြင့် ဘွဲ့ရများသည် အလုပ်လက်မဲ့ အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။

အလုပ်လက်မဲ့ အများဆုံး ဘွဲ့ရများမှာ ဗိသုကာပညာရပ် (၁၃.၉) ရာခိုင်နှုန်း၊ အနုပညာ ဘာသာရပ် (၁၁.၁) ရာခိုင်နှုန်းနှင့် လူမှုရေးဘာသာရပ် (၉.၄) ရာခိုင်နှုန်း၊ ကျန်းမာရေး (၅.၄) ရာခိုင်နှုန်း၊ ပညာရေး (၅.၄)၊ စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ် ဘာသာရပ်တို့မှာ (၇) ရာခိုင်နှုန်း အသီးသီးရှိကြသည်။  အလုပ်အကိုင်ရရှိမှု အကောင်းဆုံး ဘာသာများမှာ စီးပွားရေးနှင့် အင်ဂျင်နီယာဘာသာရပ် ဘွဲ့ရများ ဖြစ်သည်။

 “မိဘတွေက သူတို့ရဲ့ ကလေးတွေကို ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ယူဖို့ပြောကြပါတယ်၊ လူလတ်တန်းစားတွေရဲ့ အတွေးအခေါ်ဖြစ်တဲ့ နိုင်ငံ့သားကောင်းဖြစ်ဖို့၊ အသက်ရှင်နေစဉ်ကာလ အတွင်း ပူးပေါင်းပါဝင်မှုတွေလုပ်ဖို့ ပြောကြတယ်၊ အားလုံးမှန်ပါတယ်၊ ဒါပေမဲ့ အလုပ်လက်မဲ့ အကြောင်း ပြောတဲ့အခါ စဉ်းစားစရာဖြစ်လာတယ်” ဟု သုတေသန စစ်တမ်းပြုလုပ်ခဲ့သည်  Anthony P. Carnevale ပြောဆိုခဲ့သည်။

ဂျော့ခ်ျတောင်း တက္ကသိုလ်မှ ပြုလုပ်သော သုတေသနသည် ၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း ကောက်ယူခဲ့သော ဒေသကောလိပ်များ၏ သုတေသန စစ်တမ်းများကို အခြေခံထားခြင်းဖြစ်သည်။

ယခင်က အမေရိကန် ပြည်ထောင်စုတွင် ဒေသကောလိပ်များသည် ငွေကြေးမတတ်နိုင်သော သူများ၏ ပညာရှမှီးရာ နေရာဖြစ်သော်လည်း ယခုအခါတွင် လူလတ်တန်းစားများနှင့် အထက်တန်းလွှာတို့ မိသားတို့၏ ကလေးများ ပညာသင်ကြားရာ နေရာဖြစ်လာခဲ့သည်။ ဤကဲ့သို့ ကျောင်းသားများ၏ အပြောင်းအလဲဖြစ်ပေါ်လာရ ခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်းကြောင့် အကြွေး ပြန်မဆပ်နိုင်မှု များပြားလာခြင်း တို့ကြောင့် ဖြစ်သည်။

ကွန်ပျူဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်တို့သည် အလုပ်အကိုင် ရရှိ နိုင်မှုတွင် အခြားသော ဘာသာရပ်များထက် ၅၀ ရာခိုင်နှုန်းအထိ သာကြောင်း ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်တခုတွင် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသားတဦးမှ “ထိုင်းမှာလည်း Social Science ဘာသာရပ် ဘွဲ့ရတွေ အနေနဲ့ ပညာရပ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် ရှိနိုင်မှု အခက်အခဲရှိတယ်၊ ကျနော် under grade မှာ လူမှုရေးဘာသာရပ်ကို ယူခဲ့တယ်၊ ဘွဲ့ရတာ တနှစ်ကျော်ပြီ ၊ အလုပ်အကိုင် မရှိသေးဘူး” ဟုပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ကျော်ခုနှစ်များအတွင်း ကျောင်းသားများ အကြိုက်ဆုံးဘာသာရပ်များမှာ ဆေး၊ စစ်မှု၊ ကွန်ပျူတာ ဘာသာရပ် တို့ဖြစ်ကြသည်။ ယခုအခါတွင် အလုပ် အကိုင်ရရှိနိုင်မှု အခက်အခဲတို့ကြောင့် နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင် တက်ရောက်သည့် ကျောင်းသားဦးရေ များပြားလာခဲ့သည်။
စောပြည့်ညို

Source: http://maukkha.org/index.php/news-menu/international-news-maukkha/1716-maukkha-unemployment-graduates

 

စမ်းသပ်စစ်ဆေး မခံနိုင်သော တရုတ်ပြည် တက္ကသိုလ်ပညာရေး 

Details


တရုတ်ပြည်တွင် ထင်မြင်ချက်စစ်တမ်းကောက်ယူမှုအရ တက္ကသိုလ်ပညာရေးသည် အများပြည်သူတို့ မကျေနပ်စရာကိစ္စကြီး သုံးခုအနက် တစ်ခုဖြစ်ကြောင်းတွေ့ ရှိရသည်။ အခြား မကျေနပ်စရာ အချက်ကြီး နှစ်ခုမှာ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စနှင့် အိုးအိမ်ကိစ္စတို့ ဖြစ်သည်။
ဤသို့ဖြင့် လက်ရှိ တက္ကသိုလ်ကောလိပ်ပညာရေးစနစ်သည် လူမှုရေးမတည်မငြိမ်ဖြစ်စေသော အကြောင်း အချက်တရပ် ဖြစ်လာဖွယ်ရှိသည်။ သမ္မတ ဟူဂျင်တောင်း၏ ညီညွတ်မျှတသော လူ့အဖွဲ့အစည်းတည်ဆောက်ရေး လမ်းစဉ်ကို ဖော်ဆောင်ရာ၌ တရုတ်အစိုးရအဖို့ ယခု တက္ကသိုလ်ပညာရေးမှာ ကြုံတွေ့  နေရသော ပြဿနာကို ခွန်စိုက်အားစိုက် ဖြေရှင်းရမည်ဖြစ်သည်။

ကွန်ုဖျူးရှပ် အစဉ်အလာကြောင့် ပညာရေးကို အလွန်အလေးအမြတ်ထားရာ တရုတ်ပြည်၌ တချိန်သော အခါက တက္ကသိုလ်ဘွဲ့ ရများသည် အလုပ်ရရေးအတွက် ပူစရာမလိုသော ဘုရားကြိုက် ပုဂ္ဂိုလ်များ အဖြစ် သဘောထားခံခဲ့ကြရသည်။ သို့ ဖြစ်သည့်တိုင် ယခုတလောနှစ်များ၌မူ တက္ကသိုလ်ဘွဲ့ရများအဖို့ အလုပ်ရ ရန် တနေ့တခြားပိုခက်လာခဲ့လေသည်။
ယခုနှစ်တွင် တက္ကသိုလ်ဘွဲ့ရများသည် အိမ်ဖော်များအဖြစ်သော်လည်းကောင်း၊ လုံခြုံ ရေးအစောင့်များ အဖြစ်သော်လည်းကောင်း၊ အခမရသော အလုပ်သင်များအဖြစ်သော်လည်းကောင်း၊ အလုပ် လုပ်နေ ကြရသည်။ သည်ကြားထဲ ဘွဲ ရ  ၄ သန်းကျော်အနက် တ၀က်ခန့်သည် ဘွဲ ရပြီးနောက် လပေါင်းများစွာ အလုပ်လက်မဲ့ဘ၀ဖြင့် နေ နေကြရသည်။

ဤအဖြစ်ကိုသိနေကြ၍ ပညာရေး ၀န်ကြီးဌာန၏ ကျောင်းသားရေးရာ အာဏာပိုင်များက တက္ကသိုလ်ဘွဲ့ရ ပညာတတ်များနေနှင့် အလုပ်ဈေးကွက်တွင် သာမန်အလုပ်အမားများနှင့် ယှဉ်ပြိုင်ရန်ပြင်ထားသင့်သည်ဟု လူသိရှင်ကြား နားချခဲ့လေသည်။ ဤတွင် မေးစရာရှိပါ၏။ တက္ကသိုလ်ဘွဲ့ ရတယောက်သည် သာမန်အလုပ် သမားနှင့်မခြားဟု ဆိုပါလျှင် တရုတ်ပြည်၏ တက္ကသိုလ် ပညာရေးသည် ဘာအတွက်ပါနည်း ဟူ၍။

ယနေ့ တရုတ်ပြည်တွင် တက္ကသိုလ်ပညာသည် သိပ်ခေတ်မစားတော့ဟူသော အချက်သည် သာမန်အလုပ် သမားတိုင်း ဘွဲ့ရသည်ဟူသော သဘောသက်ရောက်နေပါသည်။ တကယ်တော့ ဤသို့  လည်းမဟုတ်။ အထက်တန်းကျောင်းထွက်ကျောင်းသား ရာနှုန်းအနည်းငယ်လောက်သာလျှင် ကံကောင်း ထောက်မ၍ တက္ကသိုလ် ၀င်ခွင့်ရကြခြင်းဖြစ်သည်။ တရုတ်ပြည်မှာ ဥာဏ်ပညာအလွန်ချို့ တဲ့နေသည် ဟုလည်း စစ်တမ်း ကောက်ယူလေ့လာချက် အတော်များများက ထောက်ပြထားသည်။

သာဓက အနေနှင့်ဖော်ပြပါမည်။ ရှန်ဟိုင်းမြို့ ရှိ အမေရိကန် ကုန်သည်ကြီးများအဖွဲ့ က ထုတ်ပြန်သော လေ့ လာချက်တစောင်၌ ကျွမ်းကျင်မှုအတတ် မလုံလောက်ခြင်းသည် တရုတ်ပြည်မှာ လုပ်ငန်းလုပ်နေသော အမေရိကန် ကုမ္ပဏီများအဖို့ အဓိက အခက်ခဲကြီးတရပ်ဖြစ်လာနေသည်ဟု ဆိုထားသည်။ ကျွမ်းကျင်မှု အတတ် မလုံလောက်ခြင်းသည် တရုတ်ပြည်ရှိ အမေရိကန်ကုမ္ပဏီများ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ များအဖို့  (၅) နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် နံပါတ် (၁) ခေါင်းခဲစရာကိစ္စဖြစ်လာခဲ့သည်ဟု အမ်ချမ်း ရှန် ဟိုင်း (AmCham Shanghai)ကုမ္ပဏီ၏ လူသားအရင်းအမြစ်ဌာန အကြီးအကဲဖြစ်သူ ချားလ်မို က ပြောပြ ပါသည်။
တရုတ်ပြည်မှာ လုပ်ငန်းလုပ်ရာမှာ အရည်အချင်းရှိတဲ့ မန်နေဂျာတွေ ရှာရတာ၊ ရပြီးသားမန်နေ ဂျာတွေကို လုပ်ငန်ခွင်မြဲအောင် ထိန်းထားရတာ တော်တော့်ကို ခက်တယ်လို့ အမေရိကန် ကုမ္ပဏီ ဧရာမ အများစုက က ပြောနေကြတယ်ဟု သူကဆိုပါသည်။

အစိုးရစစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရမှတ်ပေါ်မှာသာမူတည်ပြီး တက္ကသိုလ်ဝင်ခွင့်ပေးသော ပေါ်လစီနှင့် ပတ် သက်၍ ပြီးခဲ့သောနွေရာသီမှာ လူထု၏ မကျေနပ်မှုတခုတိုးလာခဲ့ပြန်သည်။ အများအားဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်အကောင်းဆုံးရသော ကျောင်းသားများသာလျှင် ပီကင်းတက္ကသိုလ်၊ ဆင်းဟွာတက္ကသိုလ် ကဲ့သို့ သော ထိပ်တန်းတက္ကသိုလ်များသို ၀င်ခွင့်ရရေး သေချာသည်။

ယခုနှစ်တွင် ဟောင်ကောင်ရှိ တက္ကသိုလ်များက တရုတ်ပြည်မကြီးမှ ကျောင်းသားများ အများအပြား ၀င်သာအောင် လမ်းကျယ်ကျယ်ဖွင့်ပေးထားသည်။ ဥာဏ်ပညာများလည်းရ၊ ၀င်ငွေလည်းရအောင် ဆွဲ ဆောင်ခြင်းဖြစ်သည်။
ဟောင်ကောင် တက္ကသိုလ်အားလုံးသည် ပြည်မကြီးမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်အကောင်းဆုံး ရသူများကို မက်လောက်စရာ ပညာသင်ဆုများပေးသည်။ သို့ ရာတွင် ၀င်ခွင့်အတွက် လူတွေ့ မေးမြန်းရာ၌မူ ပီကင်းတက္ကသိုလ်သို့ ၎င်း၊ ဆင်ဟွာတက္ကသိုလ်သို့ ၎င်း သေချာပေါက် ၀င်ခွင့်ရနိုင် လောက်သော ကျောင်းသား (၁၁)ယောက်ကို ဟောင်ကောင်တက္ကသိုလ်က ပယ်ချခဲ့သည်။ အကြာင်းမှာ ထိုကျောင်းသားများသည် ၀င်ခွင့်စာမေးပွဲအတွက် ကျက်မှတ်ထားသည်များမှလွဲ၍ ဟုတ်တိပတ်တိ မသိ ကြသောကြောင့်ပင်ဖြစ်သည်။

သို့ ဖြစ်ရာတရုတ်ပြည်၏တက္ကသိုလ်ပညာရေးသည် ကျောင်းဝင်ခွင့်၊ သင်ကြားမှု၊ ဘွဲ့ ရရှိမှုတို့ တွင် ပြဿ နာများရှိနေသည်ဟု ဝေဖန်သူများက ကောက်ချက်ချခဲ့ကြသည်။ နောက်ဆုံးသတ္တုချလိုက်ပါက ဤပြဿ နာများအားလုံးသည် လက်ရှိတက္ကသိုလ် ပညာရေးကိုယ်၌၏ အတွင်းပဋိပက္ခမှနေ၍ ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ဝေဖန်သူများကဆိုပါသည်။ ပညာရေးစနစ်အကောင်အထည်ဖေါ်ရာ၌ တပိုင်းက အစိုးရ၏ စီမံကိန်းကို နာခံနေရပြီး၊ အခြားတပိုင်းက ဈေးကွက်စီးပွားရေးကို နာခံနေရခြင်း ဖြစ်သည် ဟူ၏။

အစိုးရက တက္ကသိုလ်ဝင်ခွင့်ပေးရမည့် ကျောင်းသားဦးရေကို သတ်မှတ်ခြင်း၊ အစိုးရစစ် ၀င်ခွင့်စာမေးပွဲ ကျင်းပခြင်း၊ တက္ကသိုလ်တခု သင်ကြားပေးရမည့် ဘာသာရပ်များကို သတ်မှတ်ပေးခြင်း တို့ကို လုပ်နေ ဆဲပင်ရှိသည်။ သို့ ရာတွင် အစိုးရသည် ဈေးကွက်မှာ အလုပ်ရရေးအတွက် ၀င်ရောက် ယှဉ် ပြိုင်ရမည့် ဘွဲ့  ရများ၏ အလုပ်ရရေးကိုမူ အာမခံနိုင်ခြင်းမရှိတော့ချေ၊ စီမံကိန်း စီးပွားရေးနည်းတူပင် အစိုးရ၏ ပညာရေး စီမံကိန်းများသည်လည်း အလုပ်ဈေးကွက်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းမပေးနိုင်သည်မှာ ရိုးနေသော ကိစ္စဖြစ်သည်။
ထို့ ပြင် ပညာရေးအတွက် ဘဏ္ဏာငွေ တိုး၍ထောက်ပံ့ရန် လက်တွန့် နေသဖြင့် အစိုးရသည် မကြာသေးမီ က ပညာရေးလုပ်ငန်းကို စက်မှုတပ်ဆင်ရေးတနည်းအားဖြင့် စီးပွားရေးလုပ်ငန်းဆန်ဆန်လုပ်ရေးပေါ်လ စီချမှတ်ခဲ့ကာ၊ ကျောင်းများကို အမြတ် အစွန်းရှာသော စီးပွားရေးလုပ်ငန်းများကဲ့သို့ ဖြစ်လာစေခဲ့သည်။ သို့  ဖြစ်ရာ ကျောင်းများသည် ကျောင်းသား များ များလက်ခံခြင်းဖြစ်စေ၊ ပညာသင်ကြေး တိုးမြှင့်ကောက်ခံခြင်း ဖြစ်စေ၊ နှစ်မျိုးစလုံးကိုဖြစ်စေ လုပ်ရ တော့သည်။ ပညာရေးအရည်အသွေးကိုတော့မူ ထည့်မစဉ်းစားခဲ့ချေ၊

ဤအတွင်းပဋိပက္ခကြောင့် တရုတ်ပြည်၏ တက္ကသိုလ်ပညာရေးစနစ်မှာ ကြီးလေးသော ပြဿနာများနှင့် ကြုံတွေ့ နေရခြင်းဖြစ်သည်။
မောင်မောင်သန်း 

source:http://maukkha.org/index.php/news-menu/international-news-maukkha/1674-maukkha-china-education


အာရှအနွယ်ဖွား ကျောင်းသားများကို ခွဲခြားဆက်ဆံလာသော အမေရိကန်တက္ကသိုလ်များ

Lanya Olmstead သည် ဖခင်အမေရိကန်နှင့် အမေ တိုင်ပေသူ တို့မှ အမေရိကန် ဖလော်ရီဒါ ပြည်နယ်တွင် မွေဖွားခဲ့သူဖြစ်သည်။ သို့ရာတွင် သူမသည် ဟားဗတ် တက္ကသိုလ်တွင် ကျောင်းဝင်ခွင့် လျှောက်ထားစဉ်က လူမျိုးအမည် နေရာတွေင် လူဖြူအဖြစ်စာရင်း ပေးခဲ့သည်။
"ကျမ အမေက ပြောထားတယ်၊ ကျောင်းဝင်ခွင့်တွေမှာ လူမျိုးရေးခွဲခြားမှုရှိတယ်၊ အဲဒါကြောင့် ကျမ အာရှသားလို့မရေးတာ" ဟုပြောဆိုခဲ့သည်။ နှစ်အတော်ကြာကတည်း အာရှနွယ်ဖွား အမေရိကန် နိုင်ငံသားများသည် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် အခက်အခဲများရှိခဲ့သည်။
အမေရိကန်နိုင်ငံရှိ ကောလိပ်များတွင် လူဦးရေ အချိုးအစားနှင့်ကြည့်ပါက အာရှနွယ်ဖွား ကျောင်းသားဦးရေမှာ နည်းနေသေးကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အာရှနွယ်ဖွား ဦးရေမှာ ၆ ရာခိုင်နှုန်းထိရှိသည်။ ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် အာရှနွယ်ဖွားများ၏ ရမှတ်သည် အခြားသော လူမျိုးများထက် သာလွန်နေကြောင်း တွေ့ရသည်။ ကျောင်းသားများ၏ လူမျိုးကို ဖော်ပြရာတွင် အာရှနွယ်ဖွားဟု ဖော်ပြမထားသော ကျောင်းသား ဦးရေလည်း များပြားလာခဲ့သည်။
Olmstead သည် ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားသစ်တဦးဖြစ်သည်။ သူမသည် အာရှလူမျိုးနွယ်ဝင် အစည်းအရုံးတွင် အဖွဲ့ဝင်တဦးဖြစ်ပြီး အထက်တန်းအောင်မှတ်မှာ ၄.၀ နှင့် SAT ရမှတ်ပေါင်း ၂၄၀၀ တွင် ၂၀၁၅ မှတ်ရရှိခဲ့သည်။
သို့ရာတွင် သူမ၏ မျိုးရိုးအား တောင်းခံလာရာ (Multiethnics) မျိုးနွယ်စုပေါင်းစုံဟု တင်သွင်းခဲ့ကြောင်း ပြောဆိုခဲ့သည်။ သူမ၏ အတွေ့အကြုံကို အခြေခံကာ အခြားအာရှအနွယ်ဝင် ကျောင်းသားများအား လူမျိုးအမည်ကို ဖြည့်စွက်ရာတွင် အာရှနွယ်ဖွားဟု မထည့်ရန် အကြံပေးခဲ့ကြောင်း သိရသည်။
မိခင်ကိုးရီးယားနှင့် ဖခင်အမေရိကန် မှမွေးဖွားလာသူ Jodi Balfe သည်လည်း ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့ပေမဲ့၊ မိမိ၏ အာရှအနွယ်ဖွားကို လျို့ဝှက် လျှောက်ထားခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ မိမိ၏ မျိုးနွယ်ကို ရောင်းဝယ်သလို ခံစားရကြောင်း ပြောဆိုခဲ့သည်။
၁၉၆၅ ခုနှစဟ် မတိုင်မှီက အာရှတိုက်သားများအနေဖြင့် အမေရိကန်ပြည်ထောင်စု ကောလိပ်များ တွင် ကျောင်းဝင်ခွင့်ရရှိရန် ခက်ခဲသည်။
၁၉၉၇ ခုနှစ်က ပရင်စတန်တက္ကသိုလ်မှ ပြုလုပ်သော စစ်တမ်းတခုတွင် အာရှနွယ်ဖွားများ၏ ရမှတ်မှာ အမေရိကန်လူဖြူများအပါအ၀င် အခြားသော မျိုးနွယ်စုဝင်များထက် သာလွန်ကြောင်းတွေ့ရသည်။ အာရှနွယ်ဖွား ကျောင်သားတဦး၏ ကျောင်းဝင်ခွင့် အတွက် SAT ပျဉ်းမျှ ရမှတ်မှာ ၁၅၅၀၊ အမေရိကန် လူဖြူများအတွက် ရမှတ်မှာ ၁၄၁၀ နှင့်လူမဲများ အတွက် ၁၁၀၀ သာရှိသည်။
လူမျိုးရေးအရ ခွဲခြားမှုမရှိသည့် ကျောင်းများတွင် အာရှအနွယ်ဝင် ကျောင်းသားများ များပြားကြောင်း တွေ့ရသည်။ နာမည်ကျော် ဘာကလေတက္ကသိုလ်တွင် အာရှနွယ်ဖွား ကျောင်းသားဦးရေ ၄၀ ရာခိုင်နှုန်း ကျော်ရှိသည်။
အော်ရီဂွန် တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ Steven Hsu သည် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် လူမျိုးရေး ခွဲခြားမှုရှိနေသည်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦးဖြစ်သည်။ ယေးလ်၊ ဟားဗတ်၊ ပရင်စတန် နှင့် ပင်ဆေဗေးနီးယား တက္ကသိုလ် အာဏာပိုင်များအား ကျောင်းဝင်ခွင့်လျှောက်ထား ရာတွင် လူမျိုးရေး ခွဲခြားမှုရှိကြောင်း သတင်းနှင့် ပတ်သတ်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
စောပြည့်ညို
Source: http://maukkha.org/index.php?option=com_content&view=article&id=2024:2011-12-05-03-48-48&catid=120:2010-10-11-07-37-22&Itemid=374

 



No comments:

Post a Comment