Sunday, March 25, 2012

လုံခြုံရေးကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု ယုတ္တိမတန်ကြောင်း KIO ပြော

ချင်းမိုင်(မဇ္စျိမ)။                ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ မဲဆန္ဒနယ်များကို ရွေးကောက်ပွဲကော်မရှင်က ရွှေ့ဆိုင်းလိုက်သော်လည်း ယင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် လုံခြုံရေးအကြောင်းပြရွှေ့ဆိုင်းခြင်းမှာ ယုတ္တိမတန်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောသည်။

ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်သော ဖားကန့်၊ ဗန်မော်၊ မိုးကောင်းမြို့နယ်များအား လုံခြုံရေး အခြေအနေများကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌက မတ်လ ၂၄ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ ထည့်သွင်း ကြေညာထားသည်။

“အဲဒီဒေသမှာလည်း KIO တပ်ဖွဲ့ဝင်တွေ သွားတာလာတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့က နှောက်ယှက်တာလည်း ရှိမှာမဟုတ်ဘူး။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာကိုတော့ နားမလည်ဘူး။ လုံခြုံရေးမဖြစ်ဘူးဆိုတဲ့ ဆင်ခြေ က သိပ်ပြီး ယုတ္တိမရှိဘူး”ဟု  KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ဒေသများတွင် တိုက်ပွဲပဋိပက္ခများ မရှိသော်လည်း ကချင်ပြည်နယ် အခြားဒေသများ
ဖြစ်သည့် KIO ၏ မိုးညှင်းမြို့နယ် တပ်မဟာ (၂)လက်အောက်ခံ တပ်ရင်း(၅)၊ မိုးမောက်မြို့နယ် တပ်မဟာ (၃) နယ်မြေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်း၊ မန်ဒုံမြို့နယ်အကြားရှိ KIO တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)ဒေသတွင် နှစ်ဖက်တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသည်ဟု သိရသည်။ မတ်လ ၂၃ ရက်နေ့ထိ တိုက်ပွဲပေါင်း ၇၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KIO က ပြောသည်။

အစိုးရကိုယ်စားလှယ်များနှင် KIO တို့ တပ်ဖွဲ့များ အပြန်အလှန် ရုပ်သိမ်းရေးကိစ္စများ နှစ်ဖက်သဘောတူထား
သော်လည်း အစိုးရဘက်က တစုံတရာလုပ်ဆောင်ပေးခြင်းမရှိဘဲ KIO နယ်မြေအတွင်း တပ်များ တိုးမြင့်လာခြင်း
ကြောင့်  တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဦးလနန်က ဆက်ပြောသည်။

ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ အဖွဲ့အနေဖြင့် KIO နှင့် သဘောတူထား သည့် အချက်များကို သက်ဆိုင်ရာအစိုးရ အာဏာပိုင်များထံသို့ ထိရောက်စွာ တင်ပြနိုင်ခြင်းမရှိဟု သူက ယူဆနေ သည်။

“ဦးအောင်သောင်း ဦးဆောင်တဲ့အဖွဲ့က သဘောတူပြီးထုတ်ထားတဲ့ ကြေညာချက်နှစ်ခုကို အပြုသဘောဆောင်တဲ့ကိစ္စ အပေါ် တခုမှ သက်ဆိုင်ရာအစိုးရကို ညှိနိုင်းပေးနိုင်တာ မရှိဘူး။ ဒါကြောင့် စစ်ပွဲတွေက အမြဲတမ်းလို တိုက်ပွဲ ဖြစ်နေ တယ်။ ဆိုလိုတာက နှစ်ဖက် ဒီလိုလုပ်ရအောင်ဆိုတာကို သက်ဆိုင်ရာအစိုးရတွေကို ထိထိရောက်ရောက် တင်ပြနိုင် တာမျိုး မရှိဘူး”ဟု KIO ပြောခွင့်ရ ဦးလနန် က မဇ္စျိမကို ပြောသည်။

ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက်တွေ့ဆုံစဉ် အစိုးရတပ်၏ စစ်ရေးအရှိန်များ ထိန်းသိမ်းသွား ရန်နှင့် မတ်လအတွင်းက ပြဿနာဖြစ်ပွားနေသည့် ဒေသများတွင် နှစ်ဖက်ညှိနိုင်းလုပ်ဆောင်သွားရန် သဘောတူညီ ခဲ့ပြီး ယခုအထိ တိတိကျကျ တုံ့ပြန်မှုမရှိသဖြင့် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

source: http://www.mizzimaburmese.com/news/inside-burma/9150--kio-.html

No comments:

Post a Comment