ကျန်းမာရေး

 

နှလုံးသားများ အကြွေမစောကြစေဖို့ PDF Print
Written by ဒေါက်တာဇော်မျိုးထက် (နှလုံးရောဂါအထူးကု၊ UK)   
Sunday, 29 January 2012 14:11      

ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ်သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာအများစုလိုပဲ ကိုယ့်မြေသံယောဇဉ်ရှိသူမို့ မြန်မာနိုင်ငံသတင်းကို မဖတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်းဖတ်ရင်းနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့ မယုံနိုင်အောင်ကိုဖြစ်မိတယ်။

၁၉၈၈ ခုနှစ်တုန်းက ကျွန်တော်မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန် တာဝန်ကျနေတုန်းက ဒေါက်တာနေ၀င်းမောင်ကို ဆုံခဲ့ဖူးပါတယ်။ သူ့ရဲ့ညီဖြစ်သူ ဒေါက်တာနေလင်းမောင်က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးပါ။ နောက်ပိုင်းမှာ သူနဲ့မဆုံဖြစ်တော့ပေမယ့် သတင်း မီဒီယာတွေမှာ သူ့ရဲ့အကြောင်းတွေ၊ သူ့ရဲ့မိန်ခွန်းတွေ ဖတ်ရပါတယ်။ သူ့အပေါ် အမြင်အမျိုးမျိုးရှိကြပေမယ့် သူဟာတိုင်းပြည်အပေါ်မှာ အင်မတန် စေတနာရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပါ။ အသက် ၅၀ ဆိုတာ အတွေ့အကြုံနဲ့ ခွန်အားပေါင်းစပ်ပြီး တိုင်းပြည်အတွက် အများကြီးလုပ်နိုင်တဲ့ အရွယ်ပါပဲ။ ကျန်ရစ်ခဲ့သူ မိသားစုအတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ပါ။  သူ့ရဲ့ နောက်ဆုံးအဖြစ်အပျက်ကို ဖတ်ရတဲ့အခါ ရင်ထုမနာဖြစ်ရပါတယ်။ အထူးသဖြင့် ကျွန်တော်လို နှလုံးအထူးကုသမားတော်တစ်ယောက်အနေနဲ့ ပိုပြီးယူကျုံးမရ ဖြစ်ရတယ်။ ကျွန်တော်အင်္ဂလန်မှာ နှလုံးရောဂါ အထူးကုသမားတော်လုပ်လာတာ ၁၀ နှစ်ကျော်လို့ ၁၅ နှစ်နီးပါးရှိပါပြီ။ Heart Attack  ရတဲ့သူတွေဟာ တစ်ကမ္ဘာလုံးမှာ တော်တော်ကိုပဲ များပါတယ်။ သူသာ အင်္ဂလန်မှာဆိုရင်ဆိုတဲ့အတွေးက တိုးပြီးဝင်လာလို့ မနည်းကို ဖျောက်ပစ်လိုက်ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ကြောင့် သူ အကြွေစောရတာလားဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော်ရဲ့အတွေးထဲက ဖျောက်လို့ကို မရနိုင်ပါဘူး။

ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံဖွင့်တာ လွယ်ပုံရပါတယ်။ မကြာသေးမီက စီးပွားရှင်တွေ အပြိုင်အဆိုင် ဆေးရုံတွေ ဆောက်လုပ်လှူဒါန်းကြတာတွေ ဖတ်ရ၊ ကြားရပါတယ်။ ဒီလိုစေတနာတွေရှိကြတာ အရမ်းကောင်းပါတယ်။ ဟိုတယ်ကနေ ဆေးရုံကြီးဖြစ်သွားတာတွေ၊ ဌာနဆိုင်ရာရုံးကြီးတွေက ဆေးရုံကြီးတွေဖြစ်သွားတာ တွေ့မြင်ရတယ်။ ဆေးရုံလို့ ဆိုင်းဘုတ်တပ်တိုင်း ဆေးရုံဖြစ်သွားရောလားဆိုတာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ ဆေးရုံတစ်ခုဖွင့်ရင် ဆေးရုံအင်္ဂါရပ်နဲ့ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဆိုတာ ဘယ်သူတွေက တာဝန်ယူပြီး စစ်ဆေးကြသလဲ။ ဘယ်ဌာနက အသိအမှတ်ပြုလက်မှတ် Accreditation  ပေးတာလဲ၊ ဘယ်ဟာကို စံထားပြီး လုပ်တာလဲဆိုတာ အရေးကြီးပါတယ်။ နိုင်ငံတော်တော် များများမှာ Accreditation စနစ်ကို ဆေးရုံကြီးတွေအတွက်သုံးပါတယ်။ ဥပမာ မြန်မာနိုင်ငံသားတွေ အားထားရာ Bangkot Hospital ဆိုရင် Joint Commission International (JCI) Accreditation ရထားတာပါ။

ဆေးရုံတစ်ရုံမှာ အဆောက်အအုံ၊ ဆေးဝါးကိရိယာ ပစ္စည်းတွေနဲ့ တတ်သိပညာရှင်တွေ လိုပါတယ်။ ပထမနှစ်ခုကတော့ ငွေရှိရင် အလွယ်တကူရနိုင်ပါတယ်။ တတ်သိပညာရှင်တွေကတော့ ချက်ချင်းလွယ်လွယ်ကူကူနဲ့ မရနိုင်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံက အထူးကုတွေခမျာလည်း တော်တော်လေးကို ပင်ပန်းပါတယ်။ တချို့ဆရာဝန်ကြီးတွေဆိုရင် ဆေးရုံအသစ်ဖွင့်တိုင်း ကိုယ်ပွားရလို့ ၁၀ ကိုယ်ပွားလောက်တောင်များ ရှိကြသလားမသိဘူး။ ကမ္ဘာ့ရပ်ခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအထူးကု ဆရာဝန်အရေအတွက်ဟာ မြန်မာပြည်မှာရှိတဲ့ အထူးကုဆရာ ၀န် အရေအတွက်ထက် ၁၀ ဆ လောက်ကို ရှိနိုင်ပါတယ်။ ဒီအထူးကု ဆရာဝန်တွေသာ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်နိုင်ရင်၊ ဆရာဝန်အငယ်တွေကို သင်ကြားပို့ချပေးနိုင်ရင် ပြည်သူလူထုအတွက် အများကြီးအကျိုးရှိမှာ မလွဲပါဘူး။ လူနာဘဲအုပ်က တစ်ရာ နှစ်ရာ ဖြစ်နေရှာတဲ့ မဗေဒါ အထူးကုဆရာဝန်ကြီးတွေအတွက်လည်း ၀န်ပေါ့သွားနိုင်ပါတယ်။ တတ်သိပညာရှင်တွေကို မြန်မာနိုင်ငံပြန်လာပြီး အလုပ်လုပ်စေချင်ရင် ဒီလူတွေ အလုပ်လုပ်လို့ရတဲ့စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကုဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွားနိုင်ပါတယ်။ ကားအကောင်းတွေ သွင်းလာပြီး လမ်းတွေမကောင်းလို့ မကြာခင်ပျက်ကုန်တာ မထူးဆန်းပါဘူး။

ကျွန်တော် အလုပ်လုပ်တဲ့ Sunderland Royal Hospital (SRH) ဟာ ကုတင်တစ်ထောင်ဆံ့ ဆေးရုံပါ။ ကျွန်တော်တို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဆိုရင်လည်း ဆေးရုံဝင်းထဲမှာ အလည်အပတ်ရောက်ရင်း တည်းဖူးပါတယ်။ SRH ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ အရွယ်အစားအတူတူလောက်ပါပဲ။ကျွန်တော်HighTechစက်တွေယှဉ်ပြီးမပြောပါဘူး။ ဆေးပညာလောကမှာ နှစ်ပေါင်းများစွာသုံးလာခဲ့တဲ့ Defibrillator ခေါ် နှလုံးရပ် Cardiac Arrest မှာ နှလုံးကို  Shock ရိုက်တဲ့စက်တွေပဲ ယှဉ်ကြည့်ပါ။ SRH မှာ Ward တိုင်း၊ Clinic တိုင်း မှာ Defibrillator  တွေရှိပါတယ်။ ဆေးရုံတစ်ရုံမှာဆိုရင်  Defibrillator အလုံးတစ်ရာနီးပါး ရှိပါတယ်။ ဒီစက်တွေကို တာဝန်ရှိသူတွေက နေ့တိုင်းပဲ Test လုပ်ရပါတယ်။ ရန်ကုန်ဆေးရုံကြီးလို မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆေးရုံ တစ်ရုံမှာ Defibrillator ဘယ်နှလုံး ရှိပါသလဲ။ နောက်ဆုံးဖွင့်တဲ့ ဆေးရုံ အသစ်တွေမှာရော  Defibrillator ဘယ်နှလုံးစီရှိပါသလဲ။

တချို့က ''ဟာ မီးတောင်မှ မှန်လို့လား''လို့ ပြောကြလိမ့်မယ်။ ဆေးရုံဆိုတာ စက်ရုံလို နားထားလို့ ရတဲ့အချိန် မရှိပါဘူး။ ဆေးရုံတိုင်းမှာ မီးဆိုတာ ၂၄ နာရီ လာနေရပါမယ်။ ကျွန်တော် အင်္ဂလန်မှာ ဆရာဝန်လုပ်လာခဲ့တဲ့ သက်တမ်းက ၁၈ နှစ်လောက် ရှိပါပြီ။ UK ဆေးရုံမှာ မီးပျက်တယ်ဆိုတာ ၁၈ နှစ်အတွင်း လက်ချိုးရေလို့ရပါတယ်။ အဲဒီ လောက်မီးပျက်တာနည်းတာတောင် ဆေးရုံမှာ ကိုယ်ပိုင်မီးစက် Generator ထားတယ်။ နောက်တစ်ခုကတော့ Training ပါ။ ကျွန်တော်တို့ ဆေးရုံမှာ ဆရာဝန်၊ သူနာပြုတွေသာမက ၀န်ထမ်းတိုင်း နှစ်စဉ် နှလုံး ရပ်တဲ့လူနာတွေအတွက် အသက်ကယ်သင်တန်း Basic Life Support (BLS)  ကို မတက်မနေရ ပြဋ္ဌာန်းထားတယ်။ လူနာတစ်ယောက် ဆေးရုံအတွင်းမှာ Cardiac Arrest ရ နှလုံးရပ်ရင် အောက် ခြေအလုပ်သမားကအစ ဘာလုပ်ရမှန်း သိတယ်။  BLS Training  က နှစ်နာရီလောက်ပဲ ကြာတာပါ။  High tech မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ BLS တောင် ဆရာဝန် ဘယ်နှယောက် လုပ်နိုင်ပါသလဲ။
နောက်တစ်ခုက Ambulance ကားတွေပါ၊ UK က Ambulance တိုင်းမှာ Defibrillator ပါပါတယ်။ Ambulance  driver တိုင်းဟာ Training ရပြီး သက်ဆိုင်ရာအသိအမှတ်ပြု အောင်လက်မှတ်ရထားတဲ့ သူတွေပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက Ambulance တွေတိုင်းမှာ Defibrillator  ရှိတယ် မရှိဘူးဆိုတာ တာဝန်ရှိသူတွေ အသိဆုံးဖြစ်မှာပါ။   Heart Attack ရထားတဲ့ ဒေါက်တာနေ၀င်းမောင်လို လူနာတစ်ယောက် ဆေးရုံတစ်ရုံကို ရောက်လာပြီးမှ ပြည်သူ့ဆေးရုံကို လူနာကိုယ်တိုင် ကားမောင်းသွားရတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာ  ဘယ်နှနိုင်ငံများ ရှိမှာလဲ။ အပြစ်တင်ချင်တာထက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျန်းမာရေးအဆင့်ကို ဘယ်လို တိုးတက်အောင် လုပ်လို့ရသလဲလို့ တွေးချင်တာပါ။

UK မှာ မကြာသေးမီကမှာ Cardiac Arrest ရသူတွေအတွက် အလိုအလျောက်နှလုံး Shock ရိုက်စက်၊ Automated External Defibrillator (AED) တစ်သောင်းကျော်ကို လေဆိပ်တွေ၊ Shopping mall တွေနဲ့ လူအများသွားလာတဲ့ နေရာတွေမှာ တပ်ဆင်ထားပါတယ်။ Heart Attack ရသူတွေရဲ့ သေဆုံးသူဦးရေရဲ့ တစ်ဝက်လောက်ဟာ ဆေးရုံမရောက်ခင် Cardiac Arrest နဲ့ ဆုံးကြရတာပါ။ AED တွေကြောင့် ၇၅ ရာခိုင်နှုန်းလောက် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုရနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း AED တွေကို အဲဒီလို တပ်ဆင်တာတွေ ရှိပါတယ်။ သူတို့အတိုင်းအတာအထိ မလုပ်နိုင်ရင်တောင် မြန်မာနိုင်ငံမှာ တတ်နိုင်တဲ့ အတိုင်းအတာအထိ လုပ်နိုင်ရင်တော့ ကောင်းမှာပဲလို့ တွေးမိတယ်။  Defibrillator တစ်လုံးဟာ အက္ခရာဟောင်း အပ်နှံကားလောက်တောင် ဈေးမကြီးပါဘူး။

ကျွန်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ထဲမှာ မြန်မာပြည်ကို အလည်အပတ် ပြန်ရောက်ထားတာပါ။ ကျွန်တော် ရန်ကုန် မြန်မာနိုင်ငံ ဆရာဝန်အသင်းတိုက်မှာ ဆရာဝန် ၁၆၀ လောက်ကို နှလုံးရောဂါနဲ့ ပတ်သက်ပြီး ECG သင်တန်းပေးခဲ့ပါတယ်။ သင်တန်းလာတက်သူ အများစုထဲမှာ လက်ရှိရန်ကုန်က ဆေးရုံတွေမှာ အလုပ်လုပ်နေသူတွေ ပါပါတယ်။ စာသင်ရင်းနဲ့ Defibrillator အကြောင်း ရောက်သွားပါတယ်။ ရန်ကုန်က ဆေးရုံတွေမှာ Ward တိုင်းမှာ Defibrillator  ရှိသလားလို့ ကျွန်တော်ကမေးတော့ ဆရာဝန်အများစုက ခေါင်းရမ်းကြတယ်။ ၀မ်းနည်းစရာပါပဲ။ ကျွန်တော်ရဲ့ မိတ်ဆွေပါမောက္ခတစ်ဦးကလည်း သူ Heart Attack ရရင် ဘယ်သွားကုရမှာ လည်း မသိဘူးလို့ပြောတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်။ သူ့အပြောနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ အဖြစ်တွေကို ဆက်စပ်ကြည့်တဲ့အခါ တွေးစရာတွေက အစီအရီ ပေါ်လာတယ်။ Heart Attack  အရေးပေါ် ရောဂါမျိုးက တခြားနာတာရှည်ရောဂါတွေလို Bangkok တို့ Singapore တို့ သွားကုဖို့ အချိန်မမီနိုင်ပါဘူး။

တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၂ ခုနှစ်ဆန်းရဲ့ ပထမပတ်အတွင်းမှာပဲ ကျွန်တော် SRH မှာ နှစ်စဉ်ဝန်ထမ်းတိုင်း မတက်မနေရဖြစ်တဲ့ BLS သင်တန်းကိုတက်ရပါတယ်။ တခြားဌာနတွေက အထူးကုဆရာဝန်ကြီးတွေပါ ကျွန်တော်နဲ့အတူတူ တက်ရပါတယ်။ အဲဒီ BLS သင်တန်းတက်ရင်းDefibillator တွေDummyအရုပ်တွေနဲ့ လေ့ကျင့်ရင်းကနေ ဒေါက်တာနေ၀င်းမောင်အကြောင်း၊ မြန်မာနိုင်ငံအကြောင်း မတွေးမိပဲကို မနေနိုင်ပါဘူး။ ကျွန်တော်ရဲ့အလုပ်မှာ နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေကို နေ့စဉ်ပဲ တွေ့ရပါတယ်။ လူနာအသစ်တိုင်းကို Heart Attack  ရတယ်လို့တင်ရင် ဘာလုပ်ရမယ်ဆိုတာ နှလုံးရောဂါအထူးကု သမားတော်အနေနဲ့ အကြံပေးရပါတယ်။ UK မှာတော့ လူနာတွေက သူတို့ Heart Attack ရတယ်လို့ထင်ရင် ၉၉၉ နံပါတ်ကို ဖုန်းဆက်ပြီး Ambulance ခေါ်လို့ ရပါတယ်။ အဲဒီလိုလူနာမျိုးဆိုရင် Ambulanceတွေက မဆိုင်းမတွ ချက်ချင်းလာပါတယ်။ ဆရာဝန်တွေက နှလုံးရောဂါရှင်တိုင်းကို Heart Attack ရတယ်ထင်ရင် ဘာလုပ်ရမယ်ဆိုတဲ့ Heartwise ကတ်ကလေးတွေ ပေးထားကြတယ်။ ကျွန်တော့် အဲဒီကတ်ကလေးတွေ လူနာတိုင်းကိုပေးတိုင်း ဒေါက်တာနေ၀င်းမောင်အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။ ဒီလိုစနစ်မျိုးများ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိရင်ဆိုတဲ့ အတွေးက ဖုံးဖိလို့ကို မရနိုင်ပါဘူး။


တတ်သိပညာရှင်တွေကို မြန်မာနိုင်ငံပြန်လာပြီး အလုပ်လုပ်စေချင်ရင် ဒီလူတွေ အလုပ်လုပ်လို့ရတဲ့ စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကုဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွားနိုင်ပါတယ် ...

ကျွန်တော်အခုလို ရေးသားတာဟာ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့စိတ်နဲ့ ရေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်ကို တတ်နိုင်သလောက် ရှုထောင့်တစ်နေရာက ထောက်ပြတာပါ။ UK ရဲ့ကောင်းတဲ့ စနစ်တစ်ခုကတော့ ဘယ်နေရာဖြစ်ဖြစ် အမှားတွေ့ရင် သိအောင်အဖြေရှာတယ်။ ပြောင်းဖို့လိုအပ်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲမှုတွေ လုပ်တယ်။ အစိုးရကိုချည်း အားကိုးလို့ မရပါဘူး။ ပြောင်းလဲမှုတစ်ခုလုပ်ချင်ရင် လူတိုင်း အဖွဲ့အစည်းတိုင်းမှာ  တာဝန်ရှိပါတယ်။ အခုအချိန်အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စာနယ်ဇင်းကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ မြင်နေရပါပြီ။ ကျန်းမာရေးကဏ္ဍအနေနဲ့လည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေးလုပ်သားတွေက အရေးအကြီးဆုံးပါ။ တိုးတက်တဲ့ ပညာရေးစနစ်ဖြင့်သာလျှင် ကျန်းမာရေးစနစ် တိုးတက်လာအောင် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကျွန်တော်အပါအ၀င် ပြည်ပရောက်နေတဲ့ မြန်မာတတ်သိပညာရှင်တွေကလည်း လက်လှမ်းမီသ၍ ပါဝင်ဆောင်ရွက်ကြမှာပါ၊ ပြိုင်တူတွန်းလျှင်တော့ တကယ်ကိုရွေ့နိုင်ပါတယ်။

ဒေါက်တာနေ၀င်းမောင်တစ်ယောက် သူရဲ့နောက်ဆုံးအချိန်မှာ သူကိုယ်တိုင် ခံစားချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို တိုးတက်စေချင်ခဲ့မှာ မလွဲပါဘူး။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြရင်တော့ နှစ်များ မကြာမီမှာ တိုင်းပြည်ရဲ့ ကျန်းမာရေး အဆင့်အတန်းမြင့်လာပြီး နှလုံးသားတွေ အကြွေမစောကြလေအောင် ဆောင်ရွက်နိုင်ကြလေမယ်လို့ မျှော်လင့်ပါတယ်။

 source: http://news-eleven.com/index.php?option=com_content&view=article&id=12140:2012-01-29-07-42-50&catid=78:2009-11-13-06-25-17&Itemid=135


----------------------------------------------------------------------------------------------------------



သင့်မိသားစုရဲ့ သွေးအုပ်စု  

လူရယ်လို့ ဖြစ်လာပြီ ဆိုရင် မျိုးရိုးဆိုတာ ရှိလာပါတယ်။ မိမိကိုမွေးဖွားပေးခဲ့တဲ့ အဖေရယ် အမေရယ် ဆီကနေ မျိုးရိုးဗီဇတွေ ဆက်ခံခဲ့သလို မိမိကိုယ်တိုင်လည်း အရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျတဲ့အခါ မိမိရဲ့ အိမ်ထောင်ဖက် ဆီက မျိုးရိုးရယ် ကိုယ့်ရဲ့မျိုးရိုးဗီဇရယ် ၂ ခုပေါင်းပြီး မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်လာကြမှာပါ။ အဲဒီမျိုးဆက်သစ်လေးမှာ မိမိဘက်ကရော ၊ မိမိ အိမ်ထောင်ဘက်ကရောပါ မျိုးရိုးဗီဇတွေ ဆက်ခံကြမှာပါ ။ ဒါကြောင့်မို့ ရင်သွေးလေးရဲ့ မျိုးရိုးဗီဇကို စစ်ဆေးပြီး မိခင်ရင်း၊ ဖခင်ရင်းတွေ ဖော်ထုတ်နိုင်ကြတာပါ။ မျိုးရိုဗီဇ(Gene)ကို တိုက်ဆိုင် စစ်ဆေးတာက ငွေကုန်ကြေးကျ ရှိပြီး ပြည်တွင်းမှာ အချို့အရာတွေက အလွယ်တကူ မလုပ်နိုင်တဲ့ အပိုင်းတွေ ရှိပါတယ်။

အလွယ်တကူ ခန့်မှန်းနိုင်တာကတော့ သွေးအုပ်စုပါ။ မိမိရဲ့သွေးအုပ်စုနဲ့ မိမိအိမ်ထောင်ဘက်ရဲ့သွေးအုပ်စုကို သိခဲ့မယ်ဆိုရင် မိမိရင်သွေးလေးရဲ့ သွေးအုပ်စုကို ကြိုတင် ခန့်မှန်းနိုင်ပါတယ်။ မိမိ ရင်သွေးလေးရဲ့ သွေးအုပ်စုက ဖြစ်နိုင်တဲ့ သွေးအုပ်စုမျိုးနဲ့ လုံးဝ လွဲချော်နေရင်တော့ သေချာတဲ့ မှားယွင်းမှု တစ်ခု ရှိနေပါပြီ။ ဒီဆောင်းပါးလေးကို ရေးရတဲ့ အကြောင်းအရင်းကတော့ ကျနော့်ကို ဒီအကြောင်းလေးနဲ့ ပတ်သတ်ပြီး ခင်ရာမင်ရာ တိုးတိုးတိတ်တိတ် မေးမြန်းခံရတာမျိုး ကြုံရတာ တစ်ခါ မကပါဘူး။ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့ အတိုင်း အမျိုးမျိုး အထွေထွေသော အကြောင်းအရာ စုံလင်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ မိမိနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် ဆေးပညာ ဗဟုသုတ ရအောင်ရယ်၊ မိမိရဲ့ ရင်သွေး မျိုးဆက်သစ်လေးမှာ ဘယ်လိုသွေးအုပ်စု အမျိုးအစား ဖြစ်လာနိုင်မလဲဆိုတာ ကြိုတင် ခန့်မှန်း နိုင်အောင်ရယ်၊ နောက်တစ်ခါ ကျနော့်ကို လာမေးတဲ့သူ ရှိခဲ့ရင်လဲ ပေးဖတ်နိုင်အောင် ဆိုပြီး ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။



သွေးအုပ်စု (၄)ခု ရှိတယ်ဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ မိဘရဲ့ မျိုးရိုးဗီဇတွေကို ဆက်ခံပြီး ရင်သွေးလေးမှာ အဲဒီ လေးအုပ်စုထဲကနေ ဘယ်သွေးအုပ်စုမျိုး ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်သွားတာပါ။ မိခင်နဲ့ ဖခင်ဆီက မျိုးရိုးဗီဇ တစ်ဝက်စီပေါ့။ အလွယ်ပြောရရင် လူတိုင်းလူတိုင်းရဲ့ မျိုးရိုးဗီဇမှာ ခရိုမိုဆုန်း ၄၆ခု ရှိပါတယ်။ ၂ ခု တစ်တွဲ အတွဲလိုက်နေတော့ ၂၃စုံ ရှိပါတယ်။ မိမိ ရင်သွေးလေးကို မျိုးရိုးဗီဇ အမွေပေးတဲ့ အခု ခရိုမိုဆုန်း ၂၃ တွဲကနေတစ်ခြမ်းစီ ဖဲ့ထွက်ပြီး မိမိအိမ်ထောင်ဖက်ရဲ့ ခရိုမိုဆုန်း ၂၃ခုနဲ့ ပေါင်းပြီး (တစ်ခြမ်း တစ်ခြမ်းစီ ပေါင်းပြီး) ခရိုမိုဆုန်း ၂၃တွဲ ပြန်ရသွားတာပါ။ လူတစ်ယောက်ရဲ့ ခရိုမိုဆုန်း ၂၃စုံ (၄၆ ခု)ကို အောက်မှာ ဖော်ပြထားပါတယ်။

သွေးအုပ်စုကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇ (၃) ခုရှိပါတယ်။ i ,IA နဲ့ IB ပါ။
IA ကသွေးအုပ်စု"အေ"ကို ကိုယ်စားပြုပါတယ် ။
IB ကသွေးအုပ်စု"ဘီ"ကို ကိုယ်စားပြုပါတယ် ။
IA နဲ့ IB က i အပေါ် လွှမ်းမိုးပါတယ်။

မျိုးရိုးဗီဇ ခရိုမိုဇုန်းတွေက အပေါ်မှာ ဖော်ပြထားသလို အတွဲလိုက် နေကြတာပါ။
ဒါကြောင့်မို့
သွေးအုပ်စု အေ ရဲ့ မျိုးရိုှးဗီဇဟာ IA + IA ဒါမှမဟုတ် IA + i ဖြစ်ပါတယ် ။
သွေးအုပ်စု ဘီ ရဲ့ မျိုးရိုးဗီဇဟာ IB + IB ဒါမှမဟုတ် IB + i ဖြစ်ပါတယ် ။
အိုင်အကြီးက အိုင်အသေးပေါ်ကို လွှမ်းမိုးတာကြောင့်ပါ ။
IA ရော IB ရော ၂ ခုလုံးပါတဲ့ IA + IB ရောကတော့ သွေးအုပ်စု အေဘီပါ ။
IA ရော IB ရော ၂ ခုလုံးမပါတဲ့ i + i ကတော့ သွေးအုပ်စု အို ပဲဖြစ်ပါတယ်။
သားသမီးကို ဆက်ခံတာကတော့ အခုတွဲနေတဲ့ အိုင်၂ လုံးက အိုင်တစ်ခြမ်းနဲ့ မိမိအိမ်ထောင်ဘက်ဆီက အိုင် တစ်ခြမ်းပေါင်းပြီး ဘယ်သွေးအုပ်စုလဲ ဆိုတာကို ဆုံးဖြတ်သွားတာပါ။

ဥပမာ တစ်ခု ပေါင်းစပ်ပြပါမယ်။
အဖေ "အေ"သွေးအုပ်စုနဲ့ အမေ "ဘီ"သွေးအုပ်စုပါ။
အဖေ့ဆီက "အေ"သွေး မျိုးရိုးဗီဇဟာ IA + i ဆိုပါစို့။
အမေ့ဆီက "ဘီ"သွေး မျိုးရိုးဗီဇဟာ IB + i ဆိုပါစို့။
အဖေ့ဆီက တစ်ခြမ်းနဲ့ အမေ့ဆီက တစ်ခြမ်း ပေါင်းပါမယ်။
ဖြစ်နိုင်တဲ့ အတွဲတွေက အောက်က ပုံလေးနဲ့ ရှင်းပြ ထားပါတယ်။



ပုံမှာ ဖော်ပြထားတဲ့ allele ဆိုတာတွေက
A allele = IA
B allele = IB
O allele = i
တွေပဲ ဖြစ်ပါတယ်။

ရင်သွေးလေးမှာ ဖြစ်လာနိုင်တဲ့ သွေးအုပ်စုတွေက
IA နဲ့ I ပေါင်းသွားရင် "အေ"သွေး ( IA + i )
IB နဲ့ I ပေါင်းသွားရင် "ဘီ"သွေး ( IB + i )
IA နဲ့ IB ပေါင်းသွားရင် "အေဘီ"သွေး ( IA + IB )
I အချင်းချင်းပေါင်းသွားရင် "အို"သွေး ( ii )
ဆိုတဲ့ သွေးအုပ်စု လေးမျိုးလုံး ဖြစ်လာနိုင်ပါတယ်။
"အေ"သွေး နဲ့ "ဘီ"သွေး အိမ်ထောင်ပြု ကြရင် ကလေးမှာ သွေးအုပ်စု ( ၄ )မျိုးလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် "အေ"သွေးနဲ့ "ဘီ"သွေး အိမ်ထောင်ဘက်က လွဲရင် အခြား သွေးအုပ်စုတွေ အိမ်ထောင်ပြုရင် ကလေးမှာ အဲဒီလို သွေးအုပ်စု လေးမျိုးလုံး မဖြစ်နိုင်တော့ပါဘူး။

ဥပမာ နောက်တစ်ခု တွက်ပြပါမယ်။ "အေ"သွေး ဖခင်နဲ့ "အို"သွေး မိခင်ပါ။ "အေ"သွေး ဖခင်ရဲ့ မျိုးရိုးဗီဇက IA + IA ဒါမှမဟုတ် IA + i ဖြစ်နိုင်ပါတယ်။ အိုသွေး မိခင်ရဲ့ မျိုးရိုးဗီဇကတော့ i + i တစ်မျိုးတည်း ဖြစ်ပါမယ်။ သူတို့ ၂ ဦး ပေါင်းစပ် ကြရင် ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇ အတွဲတွေက IAi ဒါမှမဟုတ် ii ပဲ ရပါတယ်။
ဒါကြောင့် "အေ"သွေးနဲ့ "အို"သွေး မိဘနှစ်ဦး ပေါင်းစပ်ကြရင် "အေ"သွေး ဒါမှမဟုတ် "အို"သွေး ဒီ ၂ မျိုးပဲ ရပါမယ်။ ကလေးလေးက "ဘီ"သွေး၊ "အေဘီ"သွေး ဖြစ်နေခဲ့ရင် သေချာတဲ့ မှားယွင်းမှု တစ်ခု ရှိနေပါပြီ။
ဒီလိုပဲ မိဘ နှစ်ဦးလုံး "အို"သွေး ရှိတဲ့ မိသားစုမှာ "အေ"၊ "ဘီ"၊ "အေဘီ"သွေး ရှိတဲ့ ကလေး ဘယ်လိုမှ မွေးမလာနိုင်ပါဘူး။ သွေး အမျိုးအစားတိုင်းကို ဒီမှာ တွဲမပြတော့ပါဘူး။ စာဖတ်သူတို့ စိတ်ဝင်စားတယ်ဆိုရင် တွဲကြည့်လို့ ရပါတယ်။
အလွယ်တကူ ဖြစ်အောင် မိဘ ၂ ဦးရဲ့ သွေးအမျိုးအစားနဲ့ ကလေးရဲ့ ဖြစ်နိုင်တဲ့ သွေးအမျိုးအစားတွေကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။




အခုလောက် ဆိုရင် မိမိ မိသားစု နောင်အနာဂတ် ရင်သွေးလေးရဲ့ သွေးအုပ်စုကို ခန့်မှန်းနိုင်ကြပြီလို့ မျှော်လင့်မိပါတယ်။
ဆေးပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။

Dr Zero
source: http://health.ngoinmyanmar.org/search/label/Blood


------------------------------------------------------------------------------------------



 ကင်ဆာရောဂါကို အလင်းရောင် ကုထုံးဖြင့် ကုသခြင်း  


 







တသွင်သွင် တိုက်ခတ်နေသော မြောက်ပြန်လေက ချမ်းအေးလှ၏။ ဒေါက်တာပွင့်သက်တင်သည် အဖြူရောင်နစ်ဆန်း ဆန်နီဆူပါဆ လွန်းကားကလေးကို ကျင်လည်စွာ မောင်းနှင်ရင်းဆွယ်တာကို တင်းတင်း စေ့လိုက်၏။ မေ့လျော့ကာ ဖွင့်ထားမိသော ကားပြတင်းတံခါးမှန်များကိုလည်း ခလုတ်နှိပ်ကာပိတ်လိုက်၏။ကားကလေးသည်ကျဉ်းမြောင်းလှသောမြေနီလမ်းကလေးပေါ်တွင်
ဖြည်းညင်းစွာမောင်းနှင်နေ၏။ ဘေးတစ်ဘက်တစ်ချက်တွင် ကြီးမားလှသော ခရေပင်ကြီးများ အစီအရီစီတန်း၍ ပေါက်နေ၏။ မြောက်ပြန်လေအဝှေ့တွင် ခရေ ပွင့်များက တဖြုတ်ဖြုတ်ြေ<ွကကျလာ ၏။ မကြာမီမြေနီလမ်းကလေး ဆုံး သွားပြီး ခေတ်မီနှစ်ထပ်တိုက်ကလေး ရှေ့တွင် ကားကလေးက ညင်သာစွာ ရပ်သွား၏။ ဒေါက်တာပွင့်သက်တင် ကား ပေါ်မှဆင်းလိုက်သည်နှင့် တိုက်ပိုင် ရှင်အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးက ဆီးကြိုလိုက်၏။ 

''လာ၊ လာ၊ တူမကြီး၊ နောက် ကျနေပါလား။ သူငယ်ချင်းတွေ တောင် ပြန်ကုန်ကြပြီ'' အပျိုကြီး ဒေါ်ခင်အေးသည် မကြာခဏ မုန့်ဟင်းခါးချက်တတ် ၏။ မုန့်ဟင်းခါးချက်လျှင် တူမဝမ်း ကွဲ ဒေါက်တာပွင့်သက်တင်ကိုသာ မက သူငယ်ချင်းများဖြစ်ကြသော ဒေါက်တာလွင်လွင်ဦး၊ ဒေါက်တာ ယုစန္ဒာနှင့် ဒေါက်တာမြမြအေးတို့ အုပ်စုကိုပါ ဖိတ်လေ့ရှိ၏။ ''ဟုတ်တယ် အန်တီအေးရေ၊ ထွက်ခါနီးမှ ဆေးခန်းကို လူနာ ရောက်လာလို့၊ လူနာကလဲ အရေး ပေါ်ရောဂါဆိုတော့ ချက်ချင်းကုသ ပေးရတာပေါ့ အန်တီအေးရယ်'' ''ဒါပေါ့ကွယ်၊ နောက်မှလာပါ လို့ ဘယ်ပြောလို့ဖြစ်ပါ့မလဲကွယ်။ သြော်- ဒါနဲ့တူမကြီးဆီမှာ ကုနေကြ ဦးဘောဂတစ်ယောက်ရော'' ''ဦးဘောဂ အခြေအနေ မကောင်းဘူး အန်တီအေး၊ သူ့ရောဂါ ကကင်ဆာလေ၊ ရောဂါက ကျွမ်းနေ ပါပြီ'' ''အေးကွယ်၊ သနားစရာ၊ နာ မည်ကသာ ဦးဘောဂ၊ ဆင်းရဲလိုက် တာကလဲ လွန်ပါရော။ တူမကြီးက မေတ္တာနဲ့ကူညီနေလို့ တော်ပါသေးရဲ့၊ ကဲ-ကဲ- လာ၊ လာ မုန့်ဟင်းခါးစား ရအောင်'' ထမင်းစားခန်းသို့ရောက်သော အခါ သင်းပျံ့သော ဟင်းရည်နံ့က ဆီးကြိုနေ၏။ 

''ကဲ- တူမကြီး ထမင်းလွတ် အဝစားပေတော့။ တူမကြီးကြိုက်တဲ့ ဝါးခယ်မမုန့်ဟင်းခါး ပုံစံချက်ထား တယ်။ ငရုတ်ကောင်းပါတယ်။ ငါး ဖယ်နဲ့ဘူးသီးကြော်လဲ ထည့်စား။ ဘဲဥလဲထည့်စား။ အားရပါးရစားစမ်း ပါကွယ်'' ''ဟုတ်ကဲ့ အန်တီအေး၊ စားပါ့ မယ်၊ မုန့်ဟင်းခါး စားချင်နေတာ ကြာပြီ'' ''သြော်- ဒါနဲ့ တစ်လောက ဒေါက်တာလင်းနိုင်ထွန်း မန္တလေးက နေလာလည်တုန်းပြောသွားတာရှိတယ်။ Photodynamic Therapy တဲ့၊ အဲဒါ ကကင်ဆာကုနိုင်တယ်ဆို'' ''ဒေါက်တာလင်းနိုင်ထွန်းဆို တာက မုံရွာသားမဟုတ်လား။ ဝတ္ထု အရေးကောင်းတဲ့ စာရေးဆရာလေ။ SLE အကြောင်း အခြေခံပြီးရေးတဲ့ ဝတ္ထုအတော်ကောင်းတယ်'' ''ဟုတ်တယ်၊ မုံရွာသားစစ် စစ်ပဲ'' ''အဲဒါ ကျွန်မလဲဖတ်လိုက်ရ တယ်။ Photodynamic Therapy ကို အတိုကောက် ဏွှီ လို့ခေါ်တယ် အန်တီအေး'' ''အဲဒီ PDT အကြောင်း ပြောပြ ပါလား'' ''ဒီလို အန်တီအေးရဲ့၊ လူနာ နာမည်က Connah Broom, သူက ငယ်ရွယ်တဲ့ကျောင်းသားလေး။ သူနေ တဲ့အရပ်က Flintshire မှာ၊ အင်္ဂလန် မှာပေါ့ အန်တီအေးရယ်၊ သူခံစားနေ ရတာကရှားပါးတဲ့ ကင်ဆာအမျိုး အစား၊ သူ့ရောဂါက Childhood Cancer လို့ခေါ်တဲ့ရောဂါအုပ်စုမှာ ပါတယ်'' ''ကင်ဆာတော့ ကင်ဆာပေါ့ နော်'' ''ဟုတ်တယ် အန်တီအေး၊ ကလေးက ဆယ်နှစ်သားလေးပဲရှိ သေးတယ်။ ဒါပေမယ့် ကိုယ်ထဲမှာ ကင်ဆာအကျိတ်တွေ အများကြီးဖြစ် နေတယ်။ စုစုပေါင်း ဆယ့်တစ်ခု တောင်ရှိတယ်တဲ့'' ''အားပါးပါး များလှချည့် လား'' ''ကလေးနဲ့မမျှအောင်များနေ တယ်။ ပါရဂူတွေက ကင်ဆာကု ဆေးဝါးတွေနဲ့ကုတယ်၊ ဆေးမတိုး ဘူး'' ''ကလေးဆုံးပါးသွားရောလား'' ''ကလေးက အရမ်းကံကောင်း တယ်။ ခုနေကောင်းနေပြီ၊ PDT နဲ့ ကုလိုက်တာ ကင်ဆာကျိတ်တစ်ခုပဲ ကျန်တော့တယ်။ ကျန်တာမရှိတော့ ဘူး။ မိသားစုဆရာဝန်က သိပ်ကို အံ့သြဖို့ကောင်းတဲ့ ဖြစ်ရပ်လို့ပြော တယ်။ အဘွားလုပ်သူက သူ့မြေးနေ ကောင်းသွားပြီလို့ပြောတယ်'' ''အမလေး တော်ပါသေးရဲ့'' ''သူ့ရောဂါ နာမည်က Neuroblastoma ဆိုတဲ့ ရှားပါးတဲ့ကင် ဆာတစ်မျိုးပဲ။ ပထမအင်္ဂလန်မှာ ကု တယ်။ မထူးတော့ Mexico ကိုသွား တယ်။ ဟိုမှာ ဆေးတိုက်တစ်ခုက ဏွှီ လုပ်နေတယ်'' ''သြော်- Mexico တောင်သွား ရတာကိုး'' ''ဟုတ်တယ် အန်တီ၊ PDT မှာ လေဆာရောင်ခြည်ဖြစ်ဖြစ်၊ တခြား ရောင်ခြည်ဖြစ်ဖြစ် သုံးတယ်။ ပြီးရင် Light-Sensitive Drug ထပ်သုံး တယ်။ အဲဒီဆေးကို Photosensitising Agent လို့ခေါ်တယ်။ ဒီနည်း က အင်္ဂလန်မှာလဲရှိတယ်။

ဒါပေမယ့် အရေပြားကင်ဆာပဲကုသေးတယ်'' ''ရောင်ခြည်နဲ့ ဆေးတွဲပေး တော့ ကင်ဆာဆဲလ်တွေသေကုန်ရော လား'' ''ဟုတ်တယ်၊ အန်တီအေး၊ ကင်ဆာဆဲလ်တွေသေကုန်တယ်။ Mexico မှာလုပ်တာမျိုး အင်္ဂလန်မှာ မရနိုင်သေးဘူး။ ဒါကြောင့် Mexico သွားတာ၊ Mexico မှာ Intensive Course နဲ့ နှစ်ပတ်ကုခဲ့တယ်။ ကု တာ ခုမဟုတ်ဘူး။ လွန်ခဲ့တဲ့ ငါးနှစ် ကကုတာ။ ခုကင်ဆာကျိတ်တွေ အားလုံးနီးပါးပျောက်သွားပြီ'' ''ကင်ဆာကျိတ်တွေများနေ တယ်ဆိုတော့ ကင်ဆာက ပျံ့နေတာ လား'' ''အန်တီအေးတောင် ကင်ဆာ အကြောင်း တီးမိ ခေါက်မိရှိနေပြီကိုး။ ဟုတ်တယ်၊ ပျံ့နေတာ၊ မူလပင်မက ဗိုက်ထဲမှာ Primary Tumour ခေါ်တာ ပေါ့။ ကျန်တဲ့အလုံးတွေက Secondary တွေ၊ ကင်ဆာက ရောဂါရင့် နေပြီ၊ ပျံ့တဲ့အဆင့်ရောက်နေပြီ'' ''သာမန်ဆိုရင် ဒီကလေးကိစ္စ ပြတ်ပြီ'' ''သေချာတာပေါ့၊ အသက်ရှင် ဖို့ အခွင့်အရေးက သိပ်ကိုနည်းတယ်။ ဒီကလေးက ဖိုးကံကောင်းပဲ၊ ခုသူ က Prestatyn မှာ စာသင်ကျောင်း တောင်သွားနိုင်နေပြီ'' ''ဟာ- တယ်ဟုတ်ပါလား'' ''သူ့မိသားစု ဆရာဝန်က Dr.Eamonn Jessup တဲ့၊ သူက Prestatyn Central Surgery မှာလုပ် တဲ့ Dr.Jessur ကလဲ အရမ်းအံ့သြ နေတယ်'' ''အံ့သြစရာပါပဲ'' '' Dr.Jessup ကတော့ သုတေ သနထပ်လုပ်ချင်သေးတယ်။ သေချာ သည်ထက်သေချာအောင်ပေါ့။ ဒါလဲ မှန်တယ်။ ပညာရှင်ဆိုတာက ဘက် စုံထောင်စုံ စဉ်းစားရတာကိုး။ ကင် ဆာက သူ့ဘာသာသူ သဘာဝ အလျောက် ပျောက်တာလား။ PDT ကြောင့်ပဲပျောက်တာလား။ Dr. Jes-sup ကတော့ မဝေခွဲနိုင်သေးဘူး'' ''မှန်ပါတယ်။ ကုထုံးသစ်ဆို တာမျိုးကို သေချာအောင် ထပ်တလဲ လဲစမ်းသပ်ဖို့တော့ လိုတာပေါ့လေ။ ဒါက သုတေသနရဲ့ သဘောတရား ပဲ။ ထပ်ကာ ထပ်ကာ စမ်းသပ်လေ လေ ပိုကောင်းလေပေါ့'' ''ဟုတ်တယ်၊ အန်တီအေး'' ''ဘာပဲဖြစ်ဖြစ် ကလေးကတော့ ပျောက်လုနီးပါးဖြစ်သွားပြီ'' ''ကလေးမိသားစုက ကျန်တဲ့ အကျိတ်တစ်လုံးကိုလဲ ဆက်ကုဦး မှာတဲ့။ ကလေးနေကောင်းသွားတာ အမှန်တကယ် ဆိုတာကိုတော့ Dr. Jessup ကလဲ ထောက်ခံထားပါ တယ်'' ''ခုလို သတင်းမျိုးကြားချင်ပါ တယ်ကွယ်၊ ဦးဘောဂလို သတင်း ကျတော့လဲ သနားစရာပါကွယ်'' ထိုစဉ် ကားရပ်သံ ကြားရ၍ ထမင်းစားခန်း ပြတင်းပေါက်မှ ဒေါက်တာပွင့်သက်တင်က လှမ်း ကြည့်လိုက်၏။ ''ဟာ- လင်ကရူဇာကြီးပါ လား'' ''ဧကန္တ မောင်ကျော်ထင် တယ်'' ဒေါက်တာကျော်ဆွေသိန်းကို တူသားသဖွယ် ခင်မင်နေ၍ မောင် ကျော်ဟုသာ ခေါ်၏။

ဒေါက်တာ ကျော်ဆွေသိန်းက မကြာခဏ ခရေ ပန်း လာတောင်းနေကျဖြစ်၏။ ''ညောင်ရမ်းဆေးတိုက်က လား'' ''ဟုတ်တယ် တူမကြီး'' ''သူက ခရေပန်း ခဏခဏ လာတောင်းတယ်မဟုတ်လား'' ''ဟာ- တူမကြီးက သိနေပါ လား'' ''သိတာပေါ့၊ ကျွန်မနဲ့ ညောင် ရမ်းဆေးတိုက်က သူနာပြုဆရာမ လေးနွဲ့ယမင်းက သိပ်ခင်တာ'' ''ဆရာမလေးက အတော်ချော တယ်ထင်တယ်'' ''ဟုတ်တယ်၊ ကုလားဆင် လေး၊ ကုလားမင်းသမီးရှမီလာတဂိုးနဲ့ဆင်တယ်''''သြော်ဒါကြောင့်ကိုး'' ခေတ္တကြာသော် ဒေါက်တာ ကျော်ဆွေသိန်းအခန်းတွင်းဝင်လာ၏။ ''အန်တီအေး၊ ကျွန်တော် သတင်းရပြီးပြီ၊ မုန့်ဟင်းခါးချိုင့်ဆွဲ ယူသွားမယ်နော်'' ''အံမယ် မပေးနိုင်ပါဘူး။ ပွင့် တောင်စားလို့မဝသေးဘူး'' ''လုပ်ပါသူငယ်ချင်းရာ၊ လော် ရယ်နှုတ်ခမ်းနီဝယ်ပေးပါမယ့်၊ ခုဟာ က နွဲ့ယမင်းကိုပြောပြီးသားဖြစ်နေလို့ ပါ။ ကတိပျက်ရာကျမှာစိုးလို့ပါ'' ''ကဲ- ကဲ- ယူတော်မူ၊ ယူ တော်မူ'' နှုတ်ခမ်းစူ၍ မကျေမနပ်နှင့် ပြော လိုက်သော ဒေါက်တာပွင့်သက်တင် ၏အမူအရာကိုကြည့်ရင်း ဒေါ်ခင်အေး တဟားဟားနှင့်ရယ်မောနေလေတော့ ၏။ အောင်(ဆေး-၁) ရည်ညွှန်းချက်။ ။ BBC News မှ "Photo-dynamic Therapy Helps Connah Broom's Cancer Fight" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါသည်

အောင်(ဆေး-၁)

source:http://www.zaygwet.com/healthy.php?id=128

   ----------------------------------------------------------------------------------------

 

 

 

 Chilli ငရုတ်သီး အရသာ


Sat, Oct 29, 2011 at 4:34 PM
သမီး အစ်ကို ဘာရောဂါဖြစ်နေမှန်းမသိလို့။ သူက အရင်တုန်းကတော့ ကွမ်းစားတယ်။ မစားတာ နှစ်လလောက်တော့ ရှိပါပြီရှင့်။ သူအခု အစပ်စားလို့ မရတဲ့ ရောဂါ ဖြစ်နေပါတယ်ရှင့်။ အရောင်တင်လေး နည်းနည်းလေးပါရင်ကို လျှာကော လည်ချောင်းကော အာခေါင်ကော စပ်နေပါတယ်။ လျှာကွဲတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်ရှင့်။ နည်းနည်းလေး စားမိရင် ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ မခံမရပ်နိုင်အောင် စပ်တယ်ပြောလို့ အစပ်မစားပဲ နေနေရပါတယ်။ ဘာဖြစ်မှန်းလည်း မသိပါဘူးရှင့်။ သူ့အသက်က ၂၅ နှစ်ပါ။ အာခေါင်-ကင်ဆာ ဖြစ်နိုင်မလားရှင့်။ ရောဂါရယ်၊ သောက်ရမဲ့ဆေးရယ် သိချင်ပါတယ်ရှင့်။

Oral cancer ခံတွင်း-ကင်ဆာရဲ့ လက္ခဏာတွေက ပါးစပ် နဲ့ နှုတ်ခမ်းမှာ အဖြူ-အနီ-(အဖြူ+အနီ) ကွက် ပေါ်မယ်၊ အဖြူကွက်ကနေ ကင်ဆာဖြစ်စေတာ များတယ်။ အနီကွက်က ကင်ဆာ မဟုတ်တာ ဖြစ်ဘို့ များတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်မှာ အနာပေါက်မယ်။ အနာက တော်တော်နဲ့ မပျောက်ဘူး။ ပါးစပ်ကနေ သွေးထွက်မယ်။ သွားနဲ့မယ်။ မျိုချတဲ့အခါ နာမယ်။ အမျိုရခက်မယ်။ သွားအတုတပ်ရသူဆိုရင် အရင်လိုတပ်ရတာ အဆင်မပြေဖြစ်လာမယ်။ လည်ပင်းမှာ အကျိတ်ပေါ်မယ်။ နားကိုက်မယ်။ ဒါတွေ မရှိရင် ဒီနေရာ ကင်ဆာ အတွက် ပူပင်စရာမလိုပါ။

မြန်မာတွေက ချို-ချဉ်-စပ်-ငန်-ဖန်-ခါး အရသာ ခြောက်ပါးလို့ သိကြတယ်။ မြန်မာတိုင်းရင်းဆေးမှာလဲ အဲလိုပါတယ်။ ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမှာတော့ လျှာကနေ ခံစားတဲ့အရသာဟာ Sweet အချို၊ Salty အငန်၊ Sour အချဉ်၊ နဲ့ Bitter အခါး၊ လေးပါးထဲ ရှိတယ်။

အရသာကို သိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အရသာသိ-အဖုကလေးတွေကြောင့် ဖြစ်တယ်။ လူတိုင်းမှာ Taste buds တသောင်း ရှိတယ်။ လူတွေရဲ့ Five senses အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ Hearing အကြား၊ Sight အမြင်၊ Touch အထိအတွေ့၊ Smell အနံ့ နဲ့ Taste အရာသာ ဆိုတဲ့ထဲမှာ အရသာက အားအနည်းဆုံး ဖြစ်တယ်။ အရသာ မရဖြစ်ရတာက ဆေးဝါး သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဗီတာမင် ချို့ယွင်းတာ၊ ဦးခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်-အကျိတ်၊ ဓါတ်ကင် ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။ ကွမ်းစားတာကို ဆေးစာထဲ ထည့်မရေးသေးဘူး။ သူတို့ဆီမှာ မရှိလို့ဖြစ်မယ်။ ကွမ်းစားတဲ့လူ အရသူယူတာ တမျိုးဖြစ်တယ်။ ချဉ်တာ မကြိုက်ဘူး။ တော်တော့ စပ်တာကို မမှုဘူး။

အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့ အစာ ရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ Tastes buds အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ Receptor cells အာရုံခံ (ဆဲလ်) တွေကို သတင်း အချက်အလက် ပို့ပေးလိမ့်မယ်။ Sensory nerves အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်စေတယ်။ ဦးနှောက်ကနေ ဘယ်လိုအရသာ ရှိတယ် ဆိုတာ ပြောလိမ့်မယ်။

အငန် နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ Taste buds တွေဟာ လျှာတခုထဲကနေ မဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။

အရှေ့တောင်အာရှ၊ တောင်အာရှ နဲ့ တောင်အမေရိကားက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာဟာ အမေရိကာ၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာ ခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာလား။

Chilli ငရုတ်သီးထဲမှာ ပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကို ဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ်။ ဒီလို ဖြစ်တာဟာ Heat ပူလို့ရတဲ့ Pain နာကျင်မှုနဲ့အတူတူ ဖြစ်တယ်။ Burning feeling ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့ အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ Taste buds တွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာ နဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူလောင်တာကို ခံစားတဲ့ အထူး အဖုတွေ မရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကို သိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ ထင်တော့ ဦးနှောက်ကလဲ ပူတယ် ဖြစ်သွားရော။

ကြွက်တွေကို စမ်းသပ်လို့သိရတာက Spicey-hot ဆိုတာ Temperature-hot ဆိုတာနဲ့ မျိုးဗီဇ တူတာကို သိရတယ်။ ကြက်တူရွေးကို ငရုတ်သီး ကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြတာတင် မကဘူး။ ငရုတ်သီး ထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ Burn အပူလောင်တယ်လို့ အင်္ဂလိပ်လို သုံးတယ်။ ငရုတ်သီး အမျိုးမျိုးစားလို့ ချွေးထွက်တဲ့နေရာ မတူတာကို ကိုယ်ပိုင် သုတေသနအရ သိရတယ်။ ရွှေလံဘို-ငရုတ်က ဂုတ်မှာ ချွေးထွက်တယ်။

Chilli ငရုတ်သီး၊ Ginger ချင်း (ဂျင်း)၊ Pepper ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ Spicy food ပူစပ်တာတွေထဲမှာ Capsaicin ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ Vanilloid receptor (VR1 receptors) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ Sensory neuron အာရုံခံ (နူရုန်) ဟာ Depolarized ပြောင်းလဲသွားပြီး Spicy stimuli ဆိုတဲ့ အာရုံခံသတင်းကို ပို့ပေးတယ်။

ထူးဆန်းတာက VR1 receptors အာရုံခံတွေဟာ Capsaicin ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 receptors တွေရဲ့ တကယ့်တာဝန်ဟာ Thermo-reception ပူတာကိုသာ သိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့ တာဝန်ကို ထမ်းရတယ်။ VR1 receptors တွေဟာ ပါးစပ်၊ လျှာ နဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိလဲ ပူလောင် နာကျင်စေလို့ မိန်းကလေးတွေ Self-defense product ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်း-ပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉၀ လောက်ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။

ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုည ယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅၇၇ဝဝဝ ယူနစ် ရှိတယ်။

အစပ်ကို ဘာလို့ ကြိုက်ကြသလဲ။ ကိုယ့်အတွက်ကောင်းလို့ ဖြေကြသူတွေ ရှိတယ်။ Capsaicin ငရုတ်မှာ ဆေးစွမ်းတွေ ရှိတယ်။
- Anti fungal မှိုပိုးကိုနိုင်တယ်။ Anti-microbial ပိုးတွေကိုနိုင်တယ်။
- Pain reliever for arthritis အဆစ်နာတာအတွက် .05% Capsaicin cream (ခရင်မ်) သုံးတယ်။
- Adlea ထိုးဆေးထဲမှာ ပါတယ်။ ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် တာရှည် အနာသက်သာဆေး ဖြစ်တယ်။
- Prostate cancer cells ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
- Lower blood pressure သွေးဖိအား ကျစေတယ်။
- Salivation သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်း ရှိတဲ့ အစာနဲ့ တွဲစားလို့ ကောင်းတယ်။
- တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
- Capsaicin topical ointments နဲ့ High-dose dermal patch (Qutenza) တွေက Peripheral neuropathy ရောဂါကြောင့် နာတာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။
- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ Arthritis အဆစ်နာရောဂါ၊ Backache ခါးနာတာ၊ Strains and Sprains ဟိုနာ-ဒီနာတာတွေ အတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ် သုံးပြီး လိမ်းပေးရတယ်။
- Capsaicin creams ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
- ငရုတ်သီး စားရင် (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်က အပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။

ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ် ထင်တယ်။ Capsaicin ဟာ Fat soluble အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့ မရဘူး။ ရေးအေး ဆိုရင်တော့ အေးတာကို သိနေတုံးမှာ စိတ်ပြောင်းပြီး ခဏသက်သာစေမယ်။ Cold milk နွားနို့အေးအေး နဲ့ Cold sugar water သကြားရည်အေးကလဲ သက်သာစေမယ်။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁


Source: http://health.ngoinmyanmar.org/



Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်

Mon, Oct 24, 2011 at 10:56 PM

Medicine ဆေးတွေကို ဘယ်လောက်ရက်ကျော်ရင် Expire လို့ သတ်မှတ်ပါသလဲ။ ရက်လွန်ဆေးရဲ့ Side Effect တွေကို ပြည့်စုံအောင် ရှင်းပြပေးပါ။

“ပဲလှော်လို ဝါးစားကြတယ်” လို့ တင်စားတတ်တဲ့ အများသုံးဆေးတွေထဲက အကိုက်အခဲ-အဖျားပျာက်ဆေး (အက်စပရင်) ကို ရက်လွန်သွားတာ သောက်မိရင် သေနိုင်တယ်လို့အထိ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။

အမေရိကားမှာ ၁၉၇၉ ခုနှစ်ကတည်းက ဆေးမှန်သမျှ Expiration date သက်တမ်းကုန်မဲ့ ရက်စွဲ ပါကိုပါရမယ်လို့ ဥပဒေနဲ့ သတ်မှတ် ထားတယ်။ ဒီကြားထဲမှာ Drug manufacturer ဆေး ထုတ်လုပ်သူကနေ Full potency and safety ဆေးအာနိသင် နဲ့ စိတ်ချရမှုအတွက် အာမခံရမယ်။

သမိုင်းနဲ့ပြောရရင် ၂ဝဝဝ ခုနှစ် မတ်လ ၂၉ ရက်ထုတ် Wall Street Journal မှာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုတခုကို Laurie P. Cohen ကနေ ထုတ်ဖေါ် ရေးသားခဲ့တယ်။ US military အမေရိကန်စစ်တပ်ဟာ ဒေါ်လာ ၁ ဘီလျန်ဘိုးရှိတဲ့ ရက်စွဲလွန် ဆေးဝါးတွေ ရှိနေတာ ၂-၃ နှစ်တခါ ကြုံနေရတယ်။ ဒါကြောင့် US Food and Drug Administration (FDA) ကို စမ်းသပ်မှုတခု ပြုစေခဲ့တယ်။ ဆေးအမယ်ပေါင်း ၁ဝဝ ကျော်ကို စမ်းသပ်တယ်။ ဆေးဆိုင်ကောင်တာမှာ အလွယ် ဝယ်လို့ရတာတွေရော၊ ဆေးလက်မှတ်ပါမှ ဝယ်လို့ရတာတွေရော ပါတယ်။

အဖြေကတော့ "၉ဝ% သောဆေးတွေဟာ ၁၅ နှစ်သက်တမ်းလွန်တာတောင် အာနိသင်ရှိသေးတာ တွေ့ရတယ်။ စမ်းသပ်မှု ဒါရိုက်တာ (ဟောင်း) Francis Flaherty ကနေပြောတာက "Expiration dates ရက်စွဲလွန်တယ်ဆိုတာ Usable for longer ကြာရှည်သုံးမရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး" တဲ့။

"ရက်စွဲဆိုတာ သိပ္ပံသဘောအရ ပြောရတာသာ ဖြစ်တယ်" လို့ Mr. Flaherty က ပြောခဲ့ပါသေးတယ်။ ဆေးကောင်တာမှာ ၁ဝ နှစ်အထိ ထားနိုင်တဲ့ ဆေးမျိုးဟာ ဆေးထုတ်လုပ်သူတွေအတွက် တွက်ခြေ မကိုက်ဘူး မဟုတ်လား။

FDA က ဆေးရက်စွဲပညာရှင် Joel Davis ကပြောတက ချွင်းချက် လက်တဆုပ်စာ ရှိပါတယ်။ Nitroglycerin နှလုံး သွေးကြောကျဉ်း အတွက်ဆေး၊ Insulin ဆီးချိုထိုးဆေး နဲ့ Liquid Antibiotics ပဋိဇီဝဆေးရည်တချို့တွေ ဖြစ်တယ်။

Bayer AG ဆေးကုမ္ပဏီက Aspirin ဆေးကို သက်တမ်း ၂-၃ နှစ်ဘဲ သတ်မှတ်တယ်။ ဒါပေမဲ့ ကုမ္ပဏီ ဒုဥက္ကဋ္ဌ Chris Allen က ဒီလိုသတ်မှတ်ချက်ဟာ Pretty conservative ရိုးစွဲအစဉ်အလာအရ ဖြစ်ပါတယ်။ ၄ နှစ်သက်တမ်းရှိတဲ့ Aspirin ကို စမ်းသပ်ကြည့်တာ 100% effective ၁ဝဝ% ထိရောက်တာတွေ့ပါတယ်။ ဒါဖြင့်ရင် ဘာလို့ ၄ နှစ် မသတ်မှတ်ပါသလဲ။ "ဆေးတွေကို ထုပ်ပိုးမှု အသစ်တွေ လုပ်ပါတယ်။ Continuous improvement programs အစဉ် တိုးတက် ကောင်းမွန် နေစေရေး အစီအစဉ်အရ လုပ်တာပါ။ လုပ်တိုင်းလဲ စမ်းသပ်မှု လုပ်ရတယ်။ ခက်တာက ၄ နှစ်တခါထက် ပိုမလုပ်နိုင်ပါ။ ဒါ့ကြောင့် Aspirin ကို ၄ နှစ်ထက် ပိုကောင်းနေတယ်လို့ ရေးမဖြစ်တော့ပါ။"

ဆေး အတော်များများက အဲလိုဖြစ်ပါတယ်။ Tetracycline (တက်ထွာဆိုက်ကလင်း) ဆေးကို ချွင်းချက် မထားလို့မရပါ။ ရက်ကျော်လို့ လုံးဝမရပါ။ ဒါတောင် အငြင်းပွါးနေတာ ရှိပါသေးတယ်။ ရက်ကြာလေလေ ထိရောက်မှု နည်းလေးလေးဖြစ်တာ သဘာဝပါ။ ဒါတောင် သူ့အစွမ်းက သတ်မှတ်ရက်နောက် ဆယ်စုနှစ်တွေ ကြာတာတောင် ရှိနေပါသေးတယ်။

မေးစရာရှိလာပါပြီ။ ဆေးရက်လွန်နေ့စွဲတွေ တပ်တာဟာ ဆေးရောင်းသူတွေကနေ ဆေးတွေ ထပ်ဝယ်နေကြစေအောင် တမင်တကာ လုပ်ကြတဲ့ Marketing ploy ဈေးကွက် ဆင်လုံးလား။ ခင်ဗျားဆေးဘီရိုကို ဆေးဖြည့်တော့ သူတို့ ပိုက်ဆံအိပ်ကိုပါ ဖြည့်ပေးရာကျတယ် မဟုတ်ပါလား။

ဆေးဆိုတာ တကယ်ရက်လွန်သလား
၂ဝဝ၂ ခုနှစ်၊ စက်တင်္ဘာလထုတ် Psychopharmacology Today ဆေးဝါး-စိတ်ပညာစာစောင်မှာ ရေးထားတာတခု ရှိပါတယ်။
Richard Altschuler ကရေးတာမှာ "ဆေးကုမ္ပဏီတွေက ကျွန်တော်တို့အပေါ် ရိုးသားပါရဲ့လား" လို့ မေးထားတယ်။ "ကျွန်တော့် ယောက္ခမ အလိုအရ ဒီရက်ကျော်ရင် ဒီဆေးကိုမသုံးပါနဲ့ဆိုတာ အလကားပါဘဲ တဲ့။ ရက်လွန်တာ ၄ နှစ်ရှိနေတဲ့ Tylenol (ပါရာစီတမော) ကို သောက်ရင်း ပြောလိုက်တာပါ။ ဆေးသောက်ပြီး ကိုက်တာ ခဲတာတွေ သက်သာသွားတယ်လို့ ဆိုတော့ ကျွန်တော်က ဒါဟာ ခင်ဗျားမှာ Placebo effect ရတာနေမှာပါ။"

ဆေးသုတေသနတွေ လုပ်တိုင်း စမ်းသပ်တဲ့ဆေးကို လူအုပ်စုတခုကိုပေး၊ ကျန်တအုပ်စုကို တခြားဆေးပေးတယ်။ တခြားဆေးဆိုတာ စိတ်ကိုလှည့်စားစေမဲ့သဘော ရှိတယ်။ ဒီလိုသတ္ကိကို Placebo လို့ ခေါ်တယ်။ လူနာက စိတ်သက်သာရာ ရတတ်တယ်။ ဆေးထိုးပေးမှ သက်သာမယ်လို့ ဆေးခန်း မလာခင်ကတည်းက စွဲမှတ်လာသူကို ဆေး တခုခုထိုးပေးရသလိုဘဲ။

စာရေးတဲ့သူက စိတ်မကျေနပ်တာနဲ့ ဆေးဝါးဗေဒဆိုင်ရာတွေကို ဆက်ပြီး သုတေသန လုပ်ပါသတဲ့။ ဥပဒေပြဌာန်းပြီး ဆေးရဲ့ သက်တမ်းကုန် ရက်စွဲ ရိုက်ပြီးမှ ရောင်းရမယ်ဆိုတဲ့ သဘောဟာ ဆေးထုတ်လုပ်သူတွေကနေ အဲဒီရက်အထိ ဆေးရဲ့ Full potency အာနိသင်အပြည့်အဝ နဲ့ Safety စိတ်ချရမှုကို အာမခံချက်ပေးရတဲ့ ရက်အပိုင်းအခြားသာဖြစ်တယ်။ ဆိုလိုတာက ဆေးကို အဲဒီကာလအထိသာ ကောင်းနေတယ်လို့ ပြောနေတာ မဟုတ်တာ သိလာတယ်။

ဒုတိအချက်ကတော့ ဆေးဝါးပညာရှင်တွေကလဲ Expiration date ကျော်နေပေမဲ့ ဆေးဟာ Safe စိတ်ချရသေးတယ်လို့ တသမတ်ထဲ ပြောကြတယ်။ ချွင်းချက်နဲနဲတော့ရှိပေမဲ့ အဲလိုဆေးသုံးစွဲလို့ ဘာမှ ဒုက္ခမဖြစ်ပါ။ မသေနိုင်ပါ။ ဥပမာ ရက်စွဲလွန်နေတဲ့ Tetracycline (တက်ထွာဆိုက်ကလင်း) ကြောင့် ကျောက်ကပ်မှာ Renal tubular damage ရစေနိုင်တယ် ဆိုတာ ၁၉၆၃ တုံးက JAMA မှာ G. W. Frimpter နဲ့အဖွဲ့က ရေးထားတယ်။ ငြင်းဆိုချက်တွေတော့ ရှိပါတယ်။

တတိယအချက် ရက်စွဲကျော်တာနဲ့ ဆေးတွေဟာ အာနိသင်နည်းနည်းလာနိုင်တယ်။ ၅% ကနေ ၅ဝ% လို့ခန့်မှန်းတယ်။ ဒါပေမဲ့ ဆေး အတော်များများဟာ သက်တမ်း ၁ဝ နှစ်ကျော်နေတာတောင် Original potency မူလဆေးစွမ်း ရှိနေပါသေးတယ်။ ဒီတော့ ဒီလို စဉ်းစားသင့်တယ်။ အရေးကြီးတဲ့၊ အသက်ကယ်မဲ့ဆေးမျိုးဆိုရင် Better safe than sorry ဆေးသစ်ဝယ်ပါ။ ရောဂါလက္ခဏာ သက်သာရုံ လုပ်ပေးတဲ့ဆေးမျိုးဆိုရင် ဥပမာ Headache ခေါင်းကိုက်ပျောက်ဆေး၊ Hay fever နှာစေးပျောက်ဆေး၊ Menstrual cramps ရာသီလာတော့ နာတာသက်သာဆေးမျိုးဆိုရင် ပိုက်ဆံ အပိုအကုန်ခံမနေပါနဲ့။

သူများတွေ ရေးတာထဲမှာ Vaccines ကာကွယ်ဆေးတွေ၊ (Insulin ကလွဲရင်) Injections ထိုးဆေးတွေမပါတာ သတိထားမိပါတယ်။ ဆီးချိုအတွက် ထိုးဆေး (အင်စူလင်) ကလဲ အများသိ၊ အများသုံးလိုဖြစ်နေလို့ ပါတာဖြစ်ပါတယ်။ အထက်မှာ ကိုးကား ရေးသား တာတွေဟာ အိမ်သုံးဆေးတွေကိုသာ ဆိုလိုတယ်လို့တော့ သတိထားစေချင်ပါတယ်။ ထိုးဆေးတွေထဲမှာ သွေးပြန်ကြောထဲထိုးရတဲ့ IV Injections တွေ မပါပါ။ မေ့ဆေးတွေ၊ ထုံဆေးတွေ မပါပါ။

Liquid drugs ဆေးရည်တွေဟာ ရက်ကြာကြာမခံပါ။ ကလေးတွေအတွက် ဆေးမှုံ့ပုလင်းတွေ ရှိတယ်။ ဆေးတိုက်ခါနီးမှာ ရေနဲ့ဖျော်ပြီး တိုက်ရတယ်။ ဖျော်ထားပြီးသားဆေးကို ကြာကြာထာလို့ မရတော့ပါ။ များသောအားဖြင့် ပဋိဇီဝဆေးတွေဖြစ်တယ်။ Amoxacillin, Ampicillin, Septrin စတာတွေ ဖြစ်တယ်။

ဆေးတွေကို အထားအသိုကလဲ အလွန်အရေးကြီးတယ်။ ရက်စွဲမကုန်သေးတာတောင် အထားမတတ်ရင် အစွမ်းမရှိတော့ဘူး ဖြစ်နိုင်တယ်။ အထားအသိုဆိုတာ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းဆ စတာတွေပါတယ်။ ဆေးညွှန်းမှာ ပါတာကို သေခြာဖတ်ပြီး လိုက်နာရတယ်။ ဆေးပုလင်းကို အရောင်ရင်ရင့် (အညိုရောင်၊ အပြာရောင်) မှာ ထည့်ရောင်းတာဆိုရင် သတိထားပေတော့ အလင်းရောင်ကို မခံနိုင်လို့ ဖြစ်တယ်။

ကလေး-ကာကွယ်ဆေးတွေကို Cold chain အအေးခံစနစ် သံကြိုးကွင်းဆက်လို လုံးဝ အပြတ်အတောက်မရှိ ဆက်တိုက် ထားရ၊ သယ်ရ၊ ရောင်းရမယ်။ ဆေးထုတ်တဲ့ ကုမ္ပဏီရဲ့ဓါတ်ခွဲခန်းကနေ ကလေးရဲ့ တင်ပါး-လက်မောင်း-ပေါင်က ကြွက်သားထဲ ဝင်သွားတဲ့အထိ တနေရာကလေးမှ အပြတ်အတောက်မရှိ အေးနေစေရတယ်။ တောနယ်တွေမှာ ရေနံဆီသုံး ရေခဲသေတ္ကာတွေ သုံးခိုင်းတယ်။ လမ်းမှာ Ice packs ရေခဲဗူးလေးတွေနဲ့ Cold boxes အပူခံသေတ္ကာ ကြီး-ငယ်တွေနဲ့ သယ်ရ-ပို့ရတယ်။ အခုတော့ Gas သဘာဝဓါတ်ငွေ့တွေ ရောင်းလို့တောင် မကုန်ဘူးဆိုဘဲ။

Natural disasters ကျော်လွှားမရတဲ့ သဘာဝတရား၊ Obstacles အခက်အခဲ မျိုးစုံတွေကြားက ကျွန်တော်တို့ ရင်သွေးများ ဘယ်လောက်အထိ ကူးစက် ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်မှုရကြပါသလဲ။ ကျွန်တော် တာဝန်ထမ်းခဲ့တဲ့ (၁၉၇၃-၁၉၈၈) ၁၅ နှစ်တာ ကာလအတွင်း ဆေးပညာသယ် တယောက်အနေနဲ့ အာမခံချက် များများ မပေးနိုင်ပါ။ အဲဒီခေတ်က တချို့ စာရင်း ဇယားတွေကို လက်မခံနိုင်ပါ။ နိုင်ငံရေး-အုပ်ချုပ်ရေးစနစ် ညံ့လွန်လွန်းလို့ Human error လူ (စီမံခန့်ခွဲသူတွေ) အမှားတွေ များခဲ့ပါတယ်။ လူကြောင့် မှားတာကို မူပြောင်းတယ်ဆိုရုံနဲ့ မရပါ။ ကိုယ်-စိတ် ကျန်းမာ ချမ်းသာချင်ရင်တော့ လူတွေပါပြောင်းဘို့ လိုမယ်။

• Don't be tempted to use expired medicines ရက်စွဲလွန်ဆေးကို သုံးပါလို့တော့ မတိုက်တွန်းပါ။
• The bottom line အခြေခံစည်းမျဉ်းက အသက်ကယ်ဆေး မဟုတ်တာကို ရက်လွန်ပေမဲ့ နှမြောတာ ရပါတယ်။
• Expiration date is when it is no longer fit to be sold ရက်စွဲလွန်ဆိုတာ ဆေးရောင်းသူတွေအတွက် မရောင်းနဲ့တော့လို့ ပြောချင်တာ ဖြစ်ပါတယ်။
• Expiration date ဆိုတာ ဖတ်လို့ရတယ်။ ဖတ်လို့မရတာတွေလဲ သတိထားပါလေ။

Dr. တင့်ဆွေ
၂၅-၁ဝ-၂ဝ၁၁


ှSource: http://health.ngoinmyanmar.org/





သွေးကင်ဆာ အကြောင်း သိကောင်းစရာ (၁)

Leukemia (1)


Leukemia ဆိုတဲ့ သွေးကင်ဆာအကြောင်း ကို မရေးခင် ကျွန်တော်ဟာ ကင်ဆာ ရောဂါ အထူးကု မဟုတ်သလို သွေးရောဂါ ဆိုင်ရာ ပါရဂူလည်း မဟုတ်ပါဘူး ဆိုတာ ကြိုတင် ပြောကြား လိုပါတယ်။ အရမ်းကျယ်ပြန်တဲ့ ခေါင်းစဉ်ထဲကနေ သိသင့် သိထိုက် တာလေးတွေ ထုတ်နှုတ်ပြီး တင်ပြ လိုပါတယ်။

သွေးကင်ဆာ အကြောင်း မပြောခင် ပုံမှန် သွေးဆဲလ်တွေ အကြောင်း ပြောပြ လိုပါတယ်။ bone marrow လို့ ခေါ်တဲ့ ရိုးတွင်း ချဉ်ဆီ ကနေ ပြီးတော့ သွေးနီဥ၊ သွေးဖြူဥ၊ နဲ့ platelet ဆိုတဲ့ သွေးမွှားဆဲလ် (၃) မျိုးကို ထုတ်လုပ် ပေးပါတယ်။ သူတို့ (၃) မျိုး မှာ ကိုယ်စီ တာဝန်တွေ ရှိပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်ကို သယ်ဆောင် ပေးပြီး သွေးနီဥ နည်းရင်တော့ သွေးအားနည်း ရောဂါ (anemia) ဖြစ်တတ် ပါတယ်။ သွေးဖြူဥရဲ့ တာဝန် ကတော့ ခန္ဓာကိုယ် အတွင်း ၀င်ရောက် လာတဲ့ ရောဂါ ပိုးမွှား တွေကို တိုက်ခိုက် ပေးပါတယ်။ သွေးဖြူဥတွေ ပုံမှန် မဟုတ်ရင်တော့ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက် နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း ကျဆင်းပြီး ရောဂါ ဝေဒနာ ထူပြော တတ်ပါတယ်။ platelet (သွေးမွှား) ကတော့ သွေးခဲရာမှာ တာဝန်ယူပြီး သွေးအလွန်အကျွံ မထွက်အောင် ကာကွယ် ပေးပါတယ်။



leukemia ရောဂါမှာတော့ရိုးတွင်းချဉ်ဆီ ကနေ ပုံမှန် မဟုတ်တဲ့ သွေးဖြူဥ တွေ ထုတ်ပေး ပါတယ်။ အစ ပထမတော့ အဲဒီ သွေးဖြူဥ တွေဟာ ပုံမှန် သွေးဖြူဥ တွေနဲ့ မခြား အလုပ် ကောင်းကောင်း လုပ်ကြ ပါသေး တယ်။ အချိန်ကြာလာ တာနဲ့ အမျှ ဖောက်ပြန် လာသလို သွေးနီဥနဲ့ platelet တို့ရဲ့ မူလ တာဝန် တွေကိုပါ ထိခိုက် လာတဲ့ အတွက် ရောဂါ လက္ခဏာတွေ ပြလာ ပါတော့ တယ်။


leukemia ဘယ်နှစ်မျိုးရှိပါသလဲ ?
အဓိက အားဖြင့် ရောဂါလက္ခဏာ မြန်မြန် ပြသလား။နှေးနှေး ပြသလား ဆိုတာကို အခြေခံပြီး -
(၁) chronic leukemia
(၂) acute leukemia
ဆိုပြီး (၂)မျိုး ခွဲခြားနိုင် ပါတယ်။


Chronic leukemia မှာဆိုလျှင် မူမမှန်တဲ့ သွေးဖြူဥ တွေက ပုံမှန် အလုပ်တွေ လုပ်နေကြလို့ အစပိုင်းမှာ ရောဂါ လက္ခဏာတွေ မပြတတ်ပါဘူး။ အချိန် ကြာလာတာနဲ့အမျှ မူမမှန် ဆဲလ် အရေအတွက် များလာပြီ ဆိုမှသာ ရောဂါ လက္ခဏာ ပြတတ် ပါတယ်။


Acute leukemia မှာတော့ မူမမှန် ဆဲလ်တွေဟာ အလျှင်အမြန် တိုးပွား လာရုံမက ပုံမှန် အလုပ် တွေကို လုံးဝ မလုပ်နိုင် တဲ့အတွက် ရောဂါ လက္ခဏာတွေ ချက်ချင်း ပြတတ်ပါတယ်။


သွေးဖြူဥ အမျိုးအစား ပေါ် မူတည်ပြီးလည်း အမျိုးအစား ထပ်ခွဲ နိုင်ပါသေးတယ်။
lymphoid cell မှာ ဖြစ်ရင် lymphocytic leukemia ၊ myeloid cell မှာ ဖြစ်ရင်တော့ myeloid leukemia လို့ ထပ်ခွဲ နိုင်ပါတယ်။


Chronic Lymphocytic leukemia ။ အသက် (၅၅) နှစ် အထက်မှာ ဖြစ်တတ် ပါတယ်။ ကလေးတွေမှာ မဖြစ်သလောက် ပါပဲ။
Chronic Myeloid Leukemia။ အရွယ်ရောက်ပြီး သူတွေမှာ အဓိက ဖြစ်တတ် ပါတယ်။
Acute Lymphocytic Leukemia ကလေးငယ် တွေမှာ အဓိက ဖြစ်ပွား တတ်ပြီး လူရွယ် တွေမှာ လည်း ဖြစ်ပွား တတ်ပါတယ်။
Acute myeloid leukemia ဒီအမျိုးအစား ကတော့ လူကြီး လူငယ် မရွေး ဖြစ်ပွား တတ်ပါတယ်။


ဘယ်လို လူမျိုးတွေမှာ ဖြစ်နိုင်သလဲ ?
ဘာကြောင့် leukemia ဖြစ်ရတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိကြပါဘူး။ သုတေသန စာတမ်းတွေ အရတော့ ဖြစ်နိုင်ခြေ risks များတဲ့ အနေအထား တွေကို သတ်မှတ် နိုင်ခဲ့ ပါတယ်။


ဓါတ်ရောင်ခြည် သင့်မှု ။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်ကို ကျဲချခဲ့တဲ့ အနုမြူဗုံး ဒဏ်မှ အသင်ရှင် ကျန်ရစ် သူတွေနဲ့ သူတို့ရဲ့ ဆွေစဉ် မျိုးဆက် တွေမှာ leukemia ရောဂါ ဝေဒနာ ပိုမို ဖြစ်ပွားတာ တွေ့ရပါတယ်။ ဆေး ပညာ မှာလည်း ဓါတ်ရောင်ခြည်ကို သုံးပြီး ကုသ ရတာ ရှိပါတယ်။ ဒါဟာလည်း သာမန် လူတွေထက် စာလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလား အလာ ပိုများပါတယ်။


ဓာတုဗေဒ ပစ္စည်းများ ။ အလုပ်ခွင်မှာ ဘင်ဇင်း(Benzene) ၊ ဖော်မယ်ဒီဟိုက် (Formaldehyde) စတဲ့ ဓာတုဗေဒ ပစ္စည်း တွေကို ကိုင်တွယ် ထိတွေ့ နေရ သူတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။


ဆေးဝါးများ ။ အချို့သော ကင်ဆာ ရောဂါ ကုသ ဆေးဝါးများကို ကြာရှည် သုံးစွဲလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလားအလာ များပါတယ်။


Down syndrome ။ မွေးရာပါ ရောဂါ တစ်ခုဖြစ်ပြီး အဆိုပါ ရောဂါ ဝေဒနာရှင် များဟာ သွေးကင်ဆာ ဖြစ်ပွား နိုင်ခြေ ပိုများ ပါတယ်။


Human T-cell leukemia virus-I ။ အဆိုပါ ဗိုင်းရပ်စ် ပိုးကြောင့် human T-cell leukemia ဆိုတဲ့ ရှားပါး သွေးကင်ဆာ တစ်မျိုး ဖြစ်ပွား တတ်ပါတယ်။ Myelodysplastic syndrome acute myeloid leukemia ဖြစ်နိုင်ခြေ ပိုများ ပါတယ်။


မျိုးရိုးဗီဇ ။ အခြား ကင်ဆာ ရောဂါများ ကဲ့သို့ သွေးကင်ဆာ ဟာလည်း မျိုးရိုး လိုက်တတ်ပါတယ်။


ရောဂါ လက္ခဏာများ
မူမမှန် သွေးဆဲလ် အရေအတွက် အနည်း အများ ပေါ် မူတည်ပြီး ရောဂါ လက္ခဏာတွေ ပြပုံလည်း မတူတတ် ပါဘူး။ အဓိက ရောဂါ လက္ခဏာ တွေကတော့ ...
(၁) နာတာရှည် အဖျားတက်ခြင်း၊ ညဘက် ချွေးထွက်ခြင်း
(၂) ကူးစက်ရောဂါ မကြာခဏ ၀င်တတ်ခြင်း
(၃) ပင်ပန်း နွမ်းနယ်ခြင်း
(၄) ခေါင်းခဏခဏ ကိုက်ခြင်း
(၅) သွေး မတိတ်ခြင်း
(၆) အရိုးနဲ့ အဆစ်များ နာကျင်ကိုက်ခဲခြင်း
(၇) အကျိတ် များထွက်ခြင်း
(၈) ဘေလုံး ကြီးခြင်း




အထက် ဖော်ပြပါ လက္ခဏာ တွေဟာ အခြားရောဂါ မြောက်မြားစွာ မှာလည်း ဖြစ်တတ် ပါတယ်။ မိမိမှာ အဆိုပါ လက္ခဏာ တွေ ခံစား နေရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ပြီး ရောဂါ ပြသ သင့်ပါတယ်။


Source: http://health.ngoinmyanmar.org/search/label/Blood



Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ


ကျွန်တော့် အမျိုးသမီးက အသက် ၃၇၊ ကိုယ်ဝန် ၉ ပတ်ထဲမှာပါ။ အမျိုးသမီးက Hepatitis B carrier patient ပါ။ ဒါ့ကြောင့် ဆရာဝန်က သံဓာတ်နဲ့ မတည့်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သံဓာတ်ပါသော Obimin ဆေး သောက်သင့်/မသင့် သိချင်ပါတယ်။ ဆရာဝန်ကတော့ Folic Acid ပဲပေးလိုက်ပါတယ်။ ကျွန်တော်တို့က အပြင်ဆေးဆိုင်က Obmin- AZ ဆိုတာ ဝယ်လာခဲ့မိပါတယ်။ သူ့မှာပါတဲ့ ဆေးအမယ် တွေကတော့ ဗီတာမင်တွေအပြင် Ferrous Fumarate – 200 mg ပါတာ ဖတ်ရပါတယ်။

သန္ဓေသားဟာ သံဓာတ်လိုတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ သံဓာတ်ဟာ ကလေးအတွက် မဖြစ်မနေ သောက်သင့်တယ်ဆိုရင် အမျိုးသမီးကတော့ သူ ထိခိုက်ပေမယ့်လည်း သောက်ချင်တယ် လို့ပြောပါတယ်။ ဒါကြောင့်မို့ Obimin ကို ဆက်သောက်သင့်၊ မသင့် ညွှန်ကြားပေးပါဦး။ ဒါမှမဟုတ် မိခင်ရော ကလေးပါ အဆင်ပြေမယ့် နည်းလမ်းရှိရင်လည်း ညွှန်ကြားပေးပါဦး။

နာတာရှည် အသဲရောဂါ Chronic liver disease ဟာ သေဆုံးစေတဲ့ရောဂါတွေထဲမှာ နံပါတ် ၁ဝ ချိတ်တယ်။ Hepatitis C virus infection စီပိုးကနေ ၇၅-၈ဝ% နာတာရှည်-အသဲရောဂါ ဖြစ်စေတယ်။ အသဲအစားထိုးရကလဲ သူ့ကြောင့်များတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးဟာ အလွန့်အလွန် အရေးပါတယ်။ အရက်ရှောင်တာကနေ စရမယ်။ စီပိုး ရှိနေသူမှာ Hepatitis A အေ ရော Hepatitis B ဘီပါ ထပ်ဝင်လာတတ်လို့ ကာကွယ်ဆေးတွေ ထိုးရပါမယ်။ Weight reduction ကိုယ်အလေးချိန် ချပါ။ Exercise ကိုယ်လက်-လေ့ကျင့်ခန်း လုပ်ပါ။ မတည့်တဲ့ဆေးတွေရှောင်ပါ။

Potentially hepatotoxic medications အသဲကို ဒုက္ခပေးနိုင်တဲ့ ဆေးတွေကတော့ -
• Nonsteroidal anti-inflammatory drugs (NSAID) အများသုံး (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးတွေ။ Paracetamol ပါရာစီတမောလို့ လူသိများပြီး အမေရိကားမှာ Acetaminophen (အစီတာမိုင်နိုင်ဖင်) ခေါ်တာကို တနေ့မှာ 2 g per day ထက်မပိုရင်တော့ ကိစ္စမရှိပါ။
• Antidepressants စိတ်မကျဆေးတွေ၊
• Muscle relaxants ကြွက်သားပျော့ဆေးတွေ၊
• Bupropion (Wellbutrin), Chlorpromazine (Thorazine), Tricyclic antidepressants စိတ်ရောဂါဆေးတွေ၊
• Phenytoin (Dilantin), Valproic acid (Depakene) အတက်ကျဆေးတွေ၊
• Statins, Nicotinic acid (Niacin; Nicolar) အဆီလျှော့ဆေးတွေ၊
• Estrogens (အီစထိုဂျင်) ဆေး၊ Anabolic steroids ကိုယ်ခန္ဓာ သန်စွမ်းစေဘို့သုံးတဲ့ စတီရွိုက်ဆေးတွေ၊
• Acarbose (Precose), Pioglitazone (Actos), Sulfonylureas ဆီးချိုဆေးတွေ၊
• Antibiotics ပဋိဇီဝဆေးစာရင်းထဲမှာ Amoxicillin–clavulanate potassium (Augmentin), Erythromycin, Isoniazid (INH), Nitrofurantoin (Furadantin), Tetracycline ဆေးတွေပါတယ်။
• Antifungal agents မှိုဆေးတွေထဲမှာ Fluconazole (Diflucan), Itraconazole (Sporanox), Ketoconazole (Nizoral) တွေပါတယ်။
• တခြားဆေးတွေကတော့ Etretinate (Tegison), Tamoxifen (Nolvadex), Testosterone, Halothane (Fluothane), Methotrexate (Rheumatrex), Selected Potentially Hepatotoxic Supplements, Amanita species, Asafetida, “Bush” herbal teas, Chaparral, Comfrey, Echinacea, Gentian, Germander, Jin bu huan, Kalms tablets, Mistletoe, Nicotinic acid, Pennyroyal oil, Valerian, Senna fruit extracts တွေ ဖြစ်ကြတယ်။ Herbal remedies အသီး-အရွက် စတာတွေကနေထုတ်တဲ့ (ဟာဗယ်) ခေါ်တာတွေလဲ စိတ်မချရတာတွေ ရှိတယ်။ Milk thistle ဆိုတာတော့ သုံးနိုင်တယ်။

ထူးခြားတာကတော့ အသဲနာတာရှည်ဖြစ်နေသူတွေနဲ့ မတည့်တာတွေထဲမှာ Iron သံဓါတ်၊ Vitamin A ဗီတာမင် အေ၊ တခြားဗီတာမင်တွေ ပါနေတာဖြစ်တယ်။ သံဓါတ်တွေ ပိုများလာစေတာမို့ ဆင်ခြင်ရတာဖြစ်တယ်။ နဂိုကတည်းက ၃ဝ% မှာ သွေးထဲမယ် သံဓါတ်တွေ များနေပြီဖြစ်တယ်။ HBV carriers ဘီပိုး သယ်ပေးနေသူမှာ Down's syndrome ဦးနှောက်-ရောဂါပါ ရှိနေရင် Hemoglobin (ဟီမိုဂလိုဘင်) များမယ်၊ Hematocrit (ဟီမတိုခရစ်) လဲများနေတယ်၊ Serum iron levels သွေးထဲ သံဓါတ်ပါ များနေတယ်။

• Iron overload သံဓါတ်တွေ များနေရင် Hepatitis C စီပိုးကိုဆေးကုရာမှာ Ribavirin နဲ့ Interferon (IFN) ဆေးတွေကို ခံနိုင်ရည်ဖြစ်စေနိုင်တယ်။
• Hepatitis B infection ဘီပိုးရှိနေသူမှာ သွေးထဲက သံဓါတ်ဟာ > 300 ng/mL ထက်များနေရင် ၉၃% မယ် IFN ဆေးမတိုးတာကို တွေ့ရှိရတယ်။
• Hepatitis C virus ကြောင့် အသဲထိခိုက်တာဖြစ်လာရင် Iron storage သံဓါတ်တွေ များနေတယ်။ အကောင်တွေမှာ စမ်းတဲ့အခါ သံဓါတ်ဆေးပေးရင် ရောဂါပိုဆိုးစေတာ တွေ့ရပေမဲ့ လူတွေမှာ အဲလိုဖြစ်တယ်လို့ အတိအကျ မပြောနိုင်ဘူး။
• Hemodialysis သွေးလဲပေးရတဲ့လူနာတွေကို သံဓါတ်ပေးတာ မထူးခြားဘူး။ Active hepatitis အသဲရောင်ရောဂါ ထနေချိန်ဆိုရင်တော့ မကောင်းဘူး။ သံဓါတ်ကို သွေးကြောထဲ ထိုးပေးရင် အသဲကို မကောင်းဖြစ်လာစေဘို့ အခွင့်အလမ်း နဲနဲလေးပိုရှိတယ်။ ဘာဘဲဖြစ်ဖြစ် ဆေးကုနေသူတွေကို သွေးထဲက သံဓါတ်အခြေအနေကို စစ်နေသင့်တယ်။
• Carriers of the hepatitis B virus ဘီပိုးသယ်ဆောင်ပေးနေသူတွေမှာ တခြားသူတွေထက် သံဓါတ်ကဲနေတာ တွေ့ရတယ်။ လူတိုင်းလဲ မဟုတ်ပြန်ဘူး။ ကင်ဆာ-အကျိတ် ကြီးစေဘို့ သံဓါတ် လိုတယ်လို့ ယူဆတယ်။
• နာတာရှည် အသဲဝေဒနာသယ်တွေမှာ အသဲထဲမှာရော သွေးထဲမှာပါ သံဓါတ် ကဲနေတယ်။ ဒါပေမဲ့ Hepatitis B virus (HBV) infection ဘီပိုးသယ်ပေးနေသူတွေ ဖြစ်တာတော့ ရှားပါးတယ်။
• Hepatitis B and C အသဲရောင် ဘီပိုး နဲ့ စီပိုး ရှိသူတွေမှာ သွေးအားနည်းရောဂါ ရလာတတ်တယ်။ ဒါမျိုးကို Autoimmune hemolytic anemia လို့ခေါ်တယ်။ Aplastic anemia/pancytopenia ဆိုတာကတော့ ဖြစ်ခဲတယ်။

စားတဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓါတ်ကြောင့် ရောဂါဆိုးတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့သေးပါ။ မေးတဲ့သူကို သံဓါတ်ဆေးတိုက်ဘို့ မသင့်ပါ။ စိတ်ချရအောင် အစားအစာကိုသာ ဂရုစိုက်စားရင် ကလေးအတွက် နည်းမှာလဲ မပူရပါ။ အမှန်က ကလေးအတွက်ကို သိပ်မပူရပါ။ ကလေးကိုလိုတာတွေ ပေးရလို့ မိခင်မှာ နည်းသွားတတ်တာသာ ရှိပါတယ်။ ကိုယ်တိုင် နေကောင်းအောင်လုပ်ပါမှ ကလေးအတွက်ပါ ကောင်းစေတယ်လို့ သဘောထားသင့်ပါတယ်။

Dr. တင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၁


Source: http://health.ngoinmyanmar.org/

1 comment:

  1. မင်္ဂလာပါဆရာ
    ကျမITPရောဂါဖြစ်နေလို့ကုသနေရပါတယ်ဒီရောဂါဘာကြောင့်ဖြစ်ပြီးဘာအစားအ သောက်ပိုစားရမလဲသိချင် ပါတယ်ဆရာ..ကျေးဇူးပြုပြီးဒီရောဂါအ ကြောင်း အ သေးစိတ် ရှင်းပြ ပေးပါဆရာ..ကျေးဇူးတင် ပါတယ် ရှင်...

    ReplyDelete