Saturday, December 17, 2011

ကားအရောင်းစင်တာငါးခု ထပ်မံ ဖွင့်ခွင့် ပြုမည်

ယာဉ်ဟောင်း အပ်ထား သူများသာ ရောင်းချ ခွင့်ရရှိမည့် ကားအရောင်း စင်တာ ဖွင့်လှစ်ခွင့်ကို လုပ်ငန်းငါးခုသို့ ထပ်မံ ချထားပေး မည်ဖြစ်ရာ ကားအရောင်း စင်တာ ဖွင့်လှစ်ခွင့် ရရှိပြီးသည့် လုပ်ငန်း ရှစ်ခုအထိ ရရှိလာ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်အောင်က ပြောကြားသည်။ “အခု အချက်အလက် ပြည့်စုံတဲ့အတွက် မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို တင်ပြ ထားတာငါးခုရှိပါတယ်။ အရင်သုံးခုကိုတော့ ချထားပေးပြီးပါပြီ” ဟု ၎င်းက ရှင်းပြသည်။ အသစ်ချ ထားပေးမည့် ကားအရောင်း စင်တာငါးခုမှာ ရွှေယမုံ၊ Ran Speed? High-Tech Princess? Billion Power နှင့် Best Auto တို့ဖြစ်ကာ ယခင်ချထားပေးပြီးဖြစ်သည့် ကားအရောင်း စင်တာသုံးခုမှာ Sakura ၊ Diamond Auto နှင့် Sandrar တို့ဖြစ်သည်။ ယင်းကား အရောင်းစင်တာ ရှစ်ခုစလုံးမှာ ရန်ကုန်မြို့တော်၌ ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းတို့ထဲမှ Run Speed နှင့် Sakura တို့က နေပြည်တော် တွင်ပါ ဖွင့်လှစ်မည်ဖြစ်သည်။
မူလချထား ပေးပြီးဖြစ်သည့် ကားအရောင်းစင်တာ သုံးခုမှာ ဒီဇင်ဘာလ နှောင်းပိုင်း တွင် ကား အရောင်း စင်တာ များ စတင်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အရောင်းစင်တာအတွက် မှာယူထား သောကားများမှာ ဒီဇင်ဘာလဒုတိယ ပတ်ခန့်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း ယင်းအရောင်း စင်တာများထံမှ သိရသည်။ “ရန်ကုန်ဈေးကွက်အနေအထားကို ကြည့်ပြီးတော့ နေပြည်တော်နဲ့ မန္တလေးမှာ အရောင်း စင်တာတွေ ဆက်ဖွင့် သွားမှာပါ။ အခု ရန်ကုန်အရောင်းစင်တာအတွက် ကားအစီး ၁၀ဝကို ဂျပန်က မှာထားပြီးပါပြီ။ ဒီဇင်ဘာလ ဒုတိယ အပတ်လောက်ရောက်မှာပါ” ဟု အမှတ် ၁၅၀၊ B ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ ဗဟန်းမြို့နယ်တွင် ကားအရောင်း စင်တာ ဖွင့်လှစ် ထားသော Diamond Auto မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိဖွင့်လှစ်ခွင့်ချထားပေးလိုက်သည့် ကုမ္ပဏီသုံးခုမှာ Sakura Techanical Services Co., Ltd., Sandrar Services Co., Ltd နှင့် Diamond Auto Services Co., Ltd. တို့ဖြစ်ကြောင်း၊ ယာဉ်တင်သွင်းခွင့်ကို Sukura ကုမ္ပဏီက အစီးရေ ၃၀ဝ၊ Diamond Auto က အစီးရေ ၁၀ဝနှင့် Sandrar က အစီးရေ ၁၃၇ စီး တင်သွင်းခွင့် လျှောက်ထားကြောင်း ယာဉ်တင်သွင်းခွင့်များ အတွက် စိစစ်ခွင့်ပြု ထားပြီးဖြစ်ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
Sakura ကမူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ်အိမ်ရာ၌ ဖွင့်လှစ်ထားသော Sakura Auto Auction Centre တွင်ပင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ဥတ္တရသီရိ အဆင့်မြင့်ဆိုင်ခန်း အမှတ် ၂၁ တွင်လည်း ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ မန္တလေးတွင် ဖွင့်လှစ်နိုင်ရေး အတွက် နေရာရှာနေကြောင်း၊ ပထမအသုတ် အဖြစ် ကားအစီးရေ ၆၀တင်သွင်း မည်ဖြစ်ပြီး ဒီဇင်ဘာလ လယ်ခန့်တွင် စတင်ရောက်ရှိ မည်ဖြစ်ကြောင်း Sakura မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ ဖွင့်လှစ်ခွင့် လျှောက်ထား ဆဲဖြစ်သော Run Speed ကားအရောင်း စင်တာကမူ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ်နှင့် နေပြည်တော်တို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားရန် စတင်ပြင်ဆင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ဖွင့်လှစ် ခွင့်ရသည်နှင့် အမြန်ဆုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Run Speed မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
Source: http://www.yoyarlay.com/localnews/local-news/lower-myanmar/17996-2011-12-16-05-58-41

No comments:

Post a Comment