မန္တလေးမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအတွက်
ပြုလုပ်သည့် ပွင့်သစ်လွင်ပန်းချီပြပွဲနှင့် ပတ်သက်၍ ချမ်းအေးသာဇံမြို့နယ်
အမှတ် (၆) ရဲစခန်းမှ စုံစမ်းမှုများ ပြုလုပ်ကြောင်း သတင်းရသည်။
ယနေ့နံနက် ၉ နာရီခွဲခန့်က ချမ်းအေးသာဇံမြို့နယ် ရဲစခန်းမှ နယ်မြေတာဝန်ခံ
ရဲတပ်ကြပ် အေးကျော်နှင့် ရဲတပ်ကြပ် ဌေးလွင်တို့က ၎င်း၏အိမ်သို့ လာရောက်
မေးမြန်းခြင်းဖြစ်ပြီး ပန်းချီကားရောင်းချရသည့် တန်ဖိုးငွေနှင့်
ဝယ်ယူသူများ၏ စာရင်းကို ရဲစခန်းသို့ တင်ပြရန် လာရောက်
ပြောဆိုခြင်းဖြစ်ကြောင်း ပြပွဲတာဝန်ခံ ပန်းချီ ဦးကျော်မိုးသာက ဧရာဝတီသို့
ပြောသည်။
“ပြပွဲမှာ တင်တဲ့ကားနဲ့ ရောင်းရငွေကို ပြောပါလို့ ဆိုတယ်။ စာရင်းကတော့
အခုမပေးနိုင်ဘူး၊ သိချင်ရင် ပြပွဲမှာ လာဖတ်ပါ၊ ဘာမှ ထိန်ချန်စရာမရှိဘူး” ဟု
၎င်းက ဆိုသည်။
ယခုကဲ့သို့ လာရောက်မေးမြန်းခြင်းမှာ အထက် အာဏာပိုင်များက
စေခိုင်း၍ဖြစ်ကြောင်း ရဲတပ်ကြပ် အေးကျော်က ရှင်းပြသည်ဟု ဦးကျော်မိုးသာက
ဆက်လက်ပြောသည်။
အောင်မြေသာဇံမြို့နယ် အမှတ် (၆) ရဲစခန်း၏ စုံစမ်းမှုနှင့်ပတ်သက်ပြီး
ရဲတပ်ကြပ် အေးကျော်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ မိမိအနေဖြင့်
စခန်းမှူး၏အမိန့်အရ ပန်းချီးကားအရောင်းအ၀ယ်ကို မေးမြန်းရခြင်းဖြစ်ကြောင်း၊
စာရင်းအတိအကျ မရသေးသည့်အတွက် စခန်းမှူးအား တင်ပြရခြင်းမရှိသေးကြောင်း
ဖြေဆိုသည်။
အလားတူ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပါတီဝင်ဖြစ်သူ
လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင် ဦးမြမောင်ဆိုသူကလည်း လာရောက်
မေးမြန်းစုံစမ်းသေးကြောင်း ဦးကျော်မိုးသာက ပြောသည်။
အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မန္တလေးမြို့
၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး
ပန်းချီဆရာ ၂၄၀ ကျော်၏ ကားပေါင်း ၃၀၀ ခန့် ပြသရောင်းချခဲ့ပြီး ကျပ်သိန်း ၈၀
ခန့် ရောင်းချရကြောင်း သိရသည်။
ပန်းချီကားများ၏ ရောင်းရငွေမှ ၃၀ ရာခိုင်နှုန်းကို NLD ပါတီသို့
လှူဒါန်းမည်ဖြစ်ပြီး ပန်းချီဆရာများအနေဖြင့်လည်း မိမိတို့စေတနာ အလျောက်
ထပ်မံလှူဒါန်းမည်ဟုလည်း သိရသည်။
ဦးကျော်မိုးသာက “ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီး ဦးသိန်းစိန်နဲ့
လက်တွဲပြီး တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း လုပ်မယ်ဆိုတဲ့အတွက်
ပန်းချီဆရာများအနေဖြင့် သိုင်းဝိုင်းတဲ့သဘောပါ ” ဟု ဆိုသည်။
အဆိုပါ ပန်းချီးပြပွဲကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
တက်ရောက်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း လာရောက်နိုင်ခြင်း မရှိသည့်အတွက်
NLD နာယက ဦးဝင်းတင်မှ ဖွင့်လှစ်ပေးခဲ့သည်။
source:
No comments:
Post a Comment