Thursday, January 12, 2012

ဖုန်းပြောဆိုချိန်ကြာမြင့်သည့်ဖုန်းများ လိုင်းပိတ်ခံရဟုဆို

ကြေးမုံဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
 
အောက်တိုဘာလမှစ၍ ဖုန်းပြောဆို ချိန်ကြာသည့် ဖုန်းများအား လိုင်းပိတ်သိမ်းခံရမှုများမှာ အလုံးရေ ရာဂဏန်း နီးပါးအထိရှိနေ ကြောင်း သိရသည်။
"အောက်တိုဘာမှ စသတိထားမိတာ ပဲ။ အလုံး ၅၀၊ ၆၀ လောက် အပိတ် ခံရတယ်ကြားတယ်။ ငါးသိန်းဖုန်းတွေရော၊ ၁၅ သိန်း ဖုန်းတွေရော၊ စီဒီအမ်အေ၊ ဂျီအက်စ်အမ် အစုံပါတယ်။ တစ်ရက်တည်းကို ဖုန်းသုံးလေးနာရီ ကြာအောင် ပြောလိုက်တာနဲ့ နောက် တစ်ရက်ပိတ်တော့တာပဲ။ ဆက်သွယ်ရေးကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရင် နယ်စပ် ဖြတ်ကျော် ပီစီအိုလို့ သံသယ ရှိတယ်ဆိုပြီး ပိတ်တာ။ ရုံးချုပ်က ပိတ်တာဆိုပြီး ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို လှမ်းချိတ်ခိုင်းတယ်။ အဲဒီကို သွားပြီး Complaint တက်ခိုင်းတယ်။ "ကျွန်တော်တို့ မြန်မာလူမျိုးတွေက ရုံးတွေဘာတွေသွားရတာကို သိပ်မလုပ်ချင်ကြဘူးဆိုတော့ အဲလိုနဲ့ ဖုန်းတွေ ဆုံးရှုံးကုန်တာပဲ။ တချို့ Complaint သွားတက်တဲ့လူတွေကျတော့လည်း ဘာမှမထူးဘူး။ ပြန်မဖွင့်ပေးဘူး။ တကယ်ပဲ နယ်စပ် ဖြတ်ကျော် ပီစီအို လုပ်စားနေတဲ့ လူတွေ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို ဖုန်း ပြောချိန်ကြာတာလေးနဲ့ ၀ါးလုံး သိမ်းပိတ် ပစ်တာတော့ မကောင်းဘူး။ သေချာ စုံစမ်းပြီးမှ လုပ်စေချင်တယ်။ အဲလို သံသယနဲ့ပိတ်တဲ့ ဖုန်းတွေ တော်တော်များများ အခုထိ လိုင်းပြန်မပွင့်ကြသေးဘူး"ဟု ဖုန်း အရောင်းဆိုင်ရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။




နယ်စပ်တွင် အသုံးပြုသောဖုန်းများမှာ ပိုမိုအပိတ်ခံရလေ့ရှိပြီး သက်ဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းများသို့ သွားရောက် မေးမြန်း သော်လည်း အသေအချာ လမ်းညွှန်ပေးခြင်းမျိုး မရှိကြောင်းလည်း ဖုန်းပိတ်ခံရသူတစ်ဦးက ဆိုသည်။

"ကျွန်တော့ဖုန်းက ကျောက်မဲ နာမည် ပေါက်ပါ။ ဒါပေမယ့် မူဆယ်မှာသုံးတယ်။ အလုပ်က ငွေလွှဲတဲ့လုပ်ငန်းဆိုတော့ ဖုန်းသုံးတာ တော့များတယ်။ တစ်လ နှစ်သိန်းကျော်လောက် ဘီလ်ဆောင် ရတယ်။ ကျွန်တော့ဖုန်းကို နိုဝင်ဘာလကုန်မှာ စပိတ်တယ်။ ကျွန်တော် ဒီဇင်ဘာလဆန်းပိုင်းမှာ ဆက်သွယ်ရေးကို သွားမေးတော့ နယ်စပ်ဖြတ်ကျော်သုံးစွဲလို့ ရုံးချုပ်က ပိတ်တာပါလို့ပြောတယ်။ ရွှေဂုံတိုင် ရုံးချုပ်ကို လှမ်းဆက်တော့လည်း အထက်က ညွှန်ကြားချက်အရပိတ်တာပါ။ ကျောက်မဲ နာမည်ပေါက်ဖြစ်တဲ့ အတွက် လားရှိုး ဆက်သွယ်ရေးလုပ်ငန်းမှာ စာတင်ပါလို့ ပြောတယ်။ ဒါပေမယ့် ဘယ်သူ့ဆီကို တင်ပါ။ ဘယ်လိုတင်ပါလို့ ဘယ်သူကမှ သေချာမပြော ပြဘူး။ "ကျွန်တော်တို့လုပ်ငန်းက ဖုန်းကို အားပြုပြီးပဲ လုပ်နေရတာ။ ဘယ်နိုင်ငံက ဖုန်းနဲ့မှလည်း ချိတ်ပြီး မသုံးပါဘူး။ ကိုယ်တိုင်ပဲ သုံးတာပါ။ ဖုန်းမရှိတဲ့လူတွေလာ ပြောလည်း ပေးပြောလိုက်တယ်။ ဒီလောက်ပါပဲ။ ဖုန်းများများ ပြောလို့ ပိတ်တယ်ဆိုတာတော့ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့ ဖုန်းများများပြောရင် ဆက်သွယ်ရေးအတွက် ဘဏ္ဍာငွေ တောင်ရသေးတယ်။ တကယ်လို့ ဖုန်းကို အချိန် အကြာကြီးပြောလို့မရဘူးဆိုရင်လည်း ဖုန်းကို ဘယ်လောက်ကြာကြာ ပြောရင် လိုင်းပိတ်ပါမယ်ဆိုပြီး သတင်းစာထဲကနေ ထည့်ကြေညာသင့်တယ်။ ဒါမှ ကျွန်တော်တို့လည်း သတိထားနိုင်မှာပါ"ဟု အပိတ်ခံရသည့် ဖုန်းပိုင်ရှင် ကိုကျော်သိန်းဝင်းက ပြောသည်။
တာချီလိတ်တွင်လည်း ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော် ပီစီအိုသုံးစွဲသည့် သံသယဖြင့် လိုင်းပိတ်သိမ်းထားသည့် ဖုန်းအလုံးရေမှာလည်း ချပေးသည့် ဖုန်း လိုင်းအရေအတွက်၏ သုံးပုံတစ်ပုံခန့် ဖြစ်နေကြောင်း ၎င်းက ပြောသည်။

အလားတူ အောက်တိုဘာလလယ် ခန့်ကလည်း မန္တလေးမြို့ပေါ်တွင် အသုံး ပြုနေသော ဖုန်းတစ်လုံးမှာလည်း အိမ်တွင်းရေး ကိစ္စကြောင့် တစ်ရက်တည်း အချိန်အကြာကြီးပြောပြီးနောက် လိုင်းပိတ်ခြင်းခံလိုက်ရကြောင်း သိရသည်။
"ဖုန်းက ၁၅ သိန်းဖုန်းပါ။ ၀ယ်တာ နှစ်လလောက်ပဲ ရှိသေးတယ်။ အရင်လ တွေကလည်း အဲလောက် အများကြီး မပြောပါဘူး။ အဲဒီတစ်ရက်ပဲ အချိန်ကြာ ကြာပြောလိုက်တယ်။ လိုင်းပိတ်သွားတော့ ဘီလ်ကုန်တယ်ထင်ပြီး နောက်နေ့မှာ သွားဆောင် သေးတယ်။ ဒါပေမယ့် ဆောင်ပြီး နောက်တစ်ရက်လည်း ပြန်မပွင့်လို့ ထပ်မေးမှ မန္တလေးရုံးက ပိတ်တာ မဟုတ်ဘဲ ရန်ကုန်ရုံးက ပိတ်တာ ဆိုပြီး စာတင်ခိုင်းလို့ စာတင်ထားတယ်။ အခုထိလည်း ဘာမှအကြောင်းမပြန်သေးဘူး။ အဲဒီဖုန်းလည်း ပိတ်ထားခံရတုန်းပဲ"ဟု ချမ်းအေး သာစံမြို့နယ် အောင်တော်မူရပ်ကွက်မှ ဖုန်းပိတ်ခံရ သူတစ်ဦးကလည်း ဆိုသည်။
လွန်ခဲ့သည့်နှစ်လခန့်က ဖုန်းပြောလျှင် တစ်နာရီထက်ပို မပြောရန်၊ ည အချိန်မတော် ဖုန်းမပြောရန် ယင်းသို့ ပြောဆိုပါက ဖုန်းလိုင်း ပိတ်နိုင်ကြောင်း၊ အချိန်ကြာကြာပြောသည့် ဖုန်းများကို စောင့်ကြည့်မှုများရှိကြောင်း ဆက်သွယ်ရေးမှ အရာရှိတစ်ဦးက မိမိအား သတိ ပေးပြောကြားဖူးကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုသည်။
"ဖုန်းပိတ်တယ်ဆိုတာ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဘီလ်ကုန်တာတို့၊ အမှုအခင်းနဲ့ ပတ်သက်တာတို့၊ နှောင့် ယှက်လို့ဆိုပြီး တိုင်ကြားခံရတာတို့ စသဖြင့်ပေါ့။ နယ်စပ်ဖြတ်ကျော်သုံးစွဲတဲ့ သံသယနဲ့ ပိတ်တာကတော့ ရန်ကုန်နဲ့ ရုံးချုပ်က ပိတ်ခိုင်းတာတွေ ရှိလို့ပါ။ အဲတော့ တကယ်တမ်းကိုယ်ဘာပြစ်မှု ကျူးလွန်မထားဘဲ ပိတ်ခံရတယ်ဆိုရင် တော့ သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ တွေ့ တာတို့၊ စာတင်တာတို့ လုပ်သင့်ပါတယ်။ မန္တလေးကို စာတင်တယ်ဆိုရင် လည်း ရန်ကုန်ကို လှမ်းပို့ပေးပါတယ်။

ရန်ကုန်က ခွင့်ပြုတဲ့ စာကျ ရင်တော့ ပြန် ဖွင့်ပေးမှာပါ"ဟု မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က နယ်စပ်ဖြတ်ကျော် ပီစီအိုဖုန်းများအား စုံစမ်းစစ်ဆေးသည့်အဖွဲ့ အစည်းတစ်ခုရှိခဲ့ပြီး ယင်းအဖွဲ့ကို အကြောင်း အမျိုးမျိုး ကြောင့် ဖျက်သိမ်းပြီးနောက် ယခုကဲ့သို့ သံသယဖြင့် ပိတ်သိမ်းမှုများဖြစ်နေခြင်းဖြစ်ကြောင်း ဖုန်းဆိုင်ရှင်တစ်ဦးကဆိုသည်။

source: http://myanmar.mmtimes.com/2012/upper/552/upper04.html

No comments:

Post a Comment