Sunday, January 8, 2012

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင် ပါဝင်လာဖွယ်ရှိ


AFP သတင်းဌာန
ဇန်န၀ါရီ ၈၊ ၂ဝ၁၂

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-Reuters)

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပါက အမည်ခံအရပ်သားအစိုးရတွင် တာဝန်ပေးခံရနိုင်သည်ဟု သမ္မတအကြံပေးတဦးက တနင်္ဂနွေနေ့တွင် ပြောဆိုလိုက်သည်။

လွှတ်တော်ကို ယခုအခါ စစ်တပ်နှင့် စစ်တပ်၏ပါတီက ကြီးစိုးထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် "သင့်လျော်သည့်" နေရာတခု ရဖွယ်ရှိသည်ဟု ဦးနေဇင်လတ်က AFP သတင်းဌာနကို ပြောပြသည်။


မြန်မာပြည် ခေါင်းဆောင်ပိုင်းက အပြောင်းအလဲများ ပြုလုပ်နေသော်လည်း ထိန်းသိမ်းခံနေရသော နိုင်ငံရေးသမားတို့၏ အရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်သည်။

"သူ့ကို အစိုးရအဖွဲ့ထဲ တာဝန်ပေးဖို့က ဖြစ်နိုင်ချေ ရှိပါတယ်" ဟု ဦးနေဇင်လတ်က ပြောပြသည်။ ထိုသို့ တာဝန်ပေးရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒအပေါ်တွင်သာ မူတည်သည်ဟု ဆိုသည်။

"သူက ဥပဒေပြုရေးကဏ္ဍကို ပိုပြီး စိတ်ဝင်စားတယ် ဆိုရင် လွှတ်တော်ထဲမှာ သူ့အတွက် သင့်တော်တဲ့ နေရာ ရှိနိုင်ပါတယ်" ဟု ဆိုသည်။

ဤသို့ ပြောဆိုချက်မှာ ရန်ကုန်မြို့အနီး မဲဆန္ဒနယ်တခုတွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု NLD က အတည်ပြုပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဒေါ်စုက ကော့မှူး မဲဆန္ဒနယ်ကနေ ၀င်ပြိုင်မှာပါ။ မဲဆန္ဒနယ်မြေအသီးသီးမှာ ၀င်ပြိုင်မယ့်သူစာရင်းကို ဇန်န၀ါရီ ၁၁ နောက်ပိုင်းမှာ ထုတ်ပြန်မှာပါ" ဟု NLD ပြောခွင့်ရ အရာရှိ ဦးဥာဏ်ဝင်းက AFP ကို ပြောသည်။

"သူ အရွေးခံရရင် ဘယ်လိုတာဝန်တွေ ထမ်းဆောင်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း မပြောနိုင်သေးပါဘူး" ဟု ဆိုသည်။

ဒေါ်စုသည် မကြာခင်ကာလအတွင်း မဲဆွယ် ခရီး ထွက်လိမ့်မည်ဟု ဦးဥာဏ်ဝင်းက ပြောခဲ့ဖူးသော်လည်း ခရီးစဉ် အသေးစိတ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ခြင်း မပြုရသေးဟု ပြောသည်။

ဦးနေဇင်လတ်က ပြောဆိုသည်မှာ ဒေါ်စု အရွေးခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပါက သမ္မတဦးသိန်းစိန်က ကြိုဆိုပါသည်ဟူ၍ ဖြစ်သည်။

"သမ္မတကြီးက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်" ဟု သူက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ၇ နှစ်ဆက်တိုက် ထိန်းသိမ်းခံရသူ ဒေါ်စုက မြန်မာပြည်တွင် "ဒီမိုကရေစီ အပြည့်အ၀ရှိသော ရွေးကောက်ပွဲ" ဖြစ်ပေါ်စေလိုသည်ဟု ယခင်တပတ်က ဘီဘီစီသို့ ပြောဆိုခဲ့သည်။

ယခင်တပတ်က NLD ပါတီ မှတ်ပုံတင်ခြင်းအား အာဏာပိုင်တို့က တရားဝင် အသိအမှတ်ပြုလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ၀င်ရောက်ရေးအတွက် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည်။

ဧပြီလ ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ်မြေ ၄၈ ခု ရှိသည်။ အောက်လွှတ်တော်အတွက် နေရာ ၄၀၊ အထက်လွှတ်တော်အတွက် ၆ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ လစ်လပ်နေသည်။

ယမန်နှစ် အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီး၊ ဒုဝန်ကြီး ဖြစ်သွားသူတို့၏ နေရာများ လစ်လပ်နေသောကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရခြင်း ဖြစ်သည်။

သို့သော်လည်း လစ်လပ်နေသည့် အရေအတွက်မှာ အာဏာရပါတီကို ခြိမ်းခြောက်ရန် လုံလောက်သည့် အရေအတွက် မဟုတ်ပေ။

လွှတ်တော်တွင် နေရာစုစုပေါင်း၏ လေးပုံတပုံကို စစ်တပ်က သိမ်းထားသည်။ ကျန်သည့် နေရာများထဲမှာ ၈၀ ရာခိုင်နှုန်း ခန့်ကို စစ်အရာရှိဟောင်းတို့၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရယူထားသည်။

အမည်ခံအရပ်သားအစိုးရသစ် နှင့် အတိုက်အခံတို့၏ ဆက်ဆံရေးမှာ မကြာသေးမီ လများအတွင်း သိသိသာသာ ပျော့ပြောင်းလာသည်ကို တွေ့မြင်ရသည်။ သမ္မတအပါအ၀င် ထိပ်သီးဗိုလ်ချုပ်ဟောင်းတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Source: http://moemaka.blogspot.com/

No comments:

Post a Comment