Tuesday, January 24, 2012

မြိတ် NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်မှုဖြင့်ကြုံ

ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းဒေါ်တင်တင်ရီ အား အဖွဲ့ချုပ်ဝင် လူငယ်တဦးက မြိတ်မြို့ NLD ရုံးရှေ့တွင် အဖွဲ့ချုပ်တံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်မှု တခု တနင်္လာနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဒေါ်တင်တင်ရီ မှာ မြိတ် NLD အကြပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီကို လစ်လျူရှုပြီး ရွေးကောက်ပွဲ ဝင်ချိန်ကျမှသာ အဆင်သင့် ဝင်ရောက် အရွေးခံသဖြင့် NLD ပါတီနှင့် မထိုက်တန်ကြောင်း ပြောဆိုကာ မြိတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စာတမ်းနှင့် ပါတီတံဆိပ်ပါ အင်္ကျီအား မီးရှို့ကန့်ကွက်ခဲ့ခြင်းကို တွေ့မြင်ရသူ NLD အဖွဲ့ဝင်များက ပြောသည်။


“အနှစ် ၂ဝ လုံးလုံး ဒုက္ခဆင်းရဲခံ ပါတီမှာ လစ်လျူရှုရှောင်ဖယ်နေပြီး ပါတီ ရွေးကောက်ပွဲ ဝင်မှသာ ဝင်ရောက်လာတာ
ဖြစ်တဲ့အတွက် NLD ရဲ့ အရိပ်အာဝါသ အောက်မှာ မရှိသင့်ဘူးလို့ ရုံးရှေ့မှာ လာပြောပြီး အင်္ကျီမီးရှို့ပြီး သူက ကန့်ကွက်တာ” ဟု ကန့်ကွက်မှုကို ညှိနှိုင်းပေးခဲ့သူ လောင်းလုံမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဦးအောင်စိုး က မဇ္ဈိမကို ပြောသည်။

nldmake
တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံး (ဓါတ်ပုံ မဇ္ဈိမ)

ကန့်ကွက်ခဲ့သူအဖွဲ့ဝင်လူငယ်အားမြိတ်NLDတာဝန်ရှိသူများနှင့်ဦးအောင်စိုးတို့ကညှိနှိုင်း ဆွေးနွေးခဲ့ပြီးနောက်
ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မြိတ် NLD အဖွဲ့ဝင်တဦးက “ဒေါ်တင်တင်ရီက ငွေကြေး တတ်နိုင်တယ်ဗျာ။ ရှေ့မှာ နှစ်ပေါင်းများစွာ ဒုက္ခခံပြီး လုပ်လာတဲ့လူတွေ ရှိရမယ့်နေရာမှာ ရှိနေတဲ့အတွက် ဒီကလေးက မကျေနပ်တာ။ ဒီနေ့မနက်ပဲ ဆွေးနွေးလိုက်တော့ အားလုံးအဆင်ပြေသွားပါပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် NLD ၏ လွတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် အမျိုးသမီး၊ ဒေသခံ၊ ပညာတတ်နှင့် လုပ်ငန်း အတွေ့အကြုံရှိမှုပေါ်တွင်မူတည်၍ ရွေးချယ်ခြင်းဖြစ်သည်။

အဆိုပါ ရွေးချယ်မှုတွင် ဒေသခံ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီမှ ရွေးချယ် တင်ပြလာသည့် ကိုယ်စားလှယ်လောင်းများကို NLD ဗဟိုမှ သုံးသပ်၍ ဆုံးဖြတ်ချက်ချကာ ရွေးချယ်ခြင်းဖြစ်သည်။

“ကျနော်တို့ ဗဟိုရွေးချယ်တဲ့လူတွေအနေနဲ့ကလည်း ဒေါ်တင်တင်ရီကို သိလို့မဟုတ်ပါဘူး။ သူတို့ တိုင်းဒေသက တာဝန်ရှိတဲ့ လူတွေက သင့်တော်တယ်ဆိုပြီး တင်တာကို ကျနော်တို့ ရွေးတယ်။ ခုနကန့်ကွက်တဲ့ကိစ္စတွေဟာ မှန်/မမှန်လည်း ကျနော်တို့ မသိသေးပါဘူး” ဟု NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

NLD ၏ ကိုယ်စားလှယ်လောင်း ၄၈ ဦးအနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ဦး ပါဝင်ရာ ဒေါ်တင်တင်ရီ က မြိတ်ခရိုင် ကျွန်းစုမြို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

အဆိုပါ မဲဆန္ဒနယ်မှာ စက်မှုဝန်ကြီး ဦးစိုးသိန်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော နေရာဖြစ်ပြီး ယခုလည်းဒေါ်တင်တင်ရီ က ကြံ့ခိုင်ရေးပါတီ ယှဉ်ပြိုင်ရမှာဖြစ်သည်။

source: http://www.mizzimaburmese.com/news/inside-burma/8924--nld-.html

No comments:

Post a Comment