Thursday, January 12, 2012

နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး အကျဉ်းသား အကျဉ်းသူ ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြု

by The Voice Weekly on Thursday, January 12, 2012 at 4:56am
ရန်ကုန် ဇန်နဝါရီ ၁၂

အရပ်သားအစိုးရ လက်ထက်တွင် စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ရာ ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား ၆၅၁ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ယနေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် တရားဝင် ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ် ပြုပြင်ပြောင်းလဲစေရေး အတွက် လည်းကောင်း ရည်ရွယ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၁ အရ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။



လွတ်ငြိမ်းချမ်းသာခွင့် ပြုသော အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း ရှိ၊ မရှိ ယခုအချိန်အထိ အတည်မပြုနိုင် သေးပေ။

" ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ က နိုင်ငံတော်သမ္မတ အနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက် မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သလို ပြစ်ဒဏ်တွေကို လျှော့ချပေး နိုင်ပါတယ် " ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွန့်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကမူ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ တွင် နှစ်ပိုင်း ပါဝင်ပြီး အပြီးအပြတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းနှင့် ခံဝန်လက်မှတ် ရေးထိုး၍ လွတ်ငြိမ်းခွင့် ပေးခြင်းတို့ ဖြစ်ကြောင်း ပြောကြားသည်။

" ရှင်းအောင် ပြောရရင်တော့ ထောင်အကြွေး ထားပြီး လွှတ်လိုက်တာ " ဟု ၎င်းက ဆိုသည်။

ဆယ်လကျော် သက်တမ်းရှိသည့် အရပ်သားအစိုးရ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်များကို ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နှင့် အောက်တိုဘာလ ၁၂ ရက်နေ့တို့တွင် လည်းကောင်း၊ ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် လည်းကောင်း အသီးသီး ထုတ်ပြန်ခဲ့ရာ အကျဉ်းကျခံနေရသူ နှစ်သောင်းကျော် ပြန်လည်လွတ်မြောက် လာခဲ့သည်။

Source:  The Voice Weekly

No comments:

Post a Comment