Wednesday, January 18, 2012

ကျောက်မျက်ပြပွဲတွင် ယူရိုသန်း ၇၀၀ ဖိုးခန့် ရောင်းရ

အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
ဝင်းကိုကိုလတ်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မှ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့ အထိ ကျင်းပခဲ့သော၂၀၁၁ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ယူရိုငွေသန်း ၇၀၀ ဖိုးခန့် သာ ရောင်းချခဲ့ရပြီး ကျောက်စိမ်းမှပင်ယူရိုသန်း၅၃၀ခန့်ရောင်းချခဲ့ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ယခုလ ၅ ရက်နေ့က ပြောသည်။

"တန်ဖိုးကြီး လေလံကျောက်တွေကို တရုတ်ကုန်သည်တွေက အများဆုံး ၀ယ်ပြီး တင်ဒါကို ပြည်တွင်းကျောက် ကုန်သည်တွေက အများဆုံးဝယ်ယူကြပါတယ်" ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။ပြည်ပကုန်သည် ၁,၆၀၀ ခန့်နှင့် ပြည်တွင်းကုန်သည် ၃,၇၀၀ ကျော် တက် ရောက်ဝယ်ယူခဲ့သည့် အဆိုပါကျောက် မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲ ၁၁,၈၂၁၊ ကျောက်မျက်အတွဲ ၂၃၀ နှင့် ပုလဲအတွဲ ၂၆၇ တင်ပြရောင်းချခဲ့ပြီး ကျောက်စိမ်းအတွဲ ၈,၂၉၃ ၊ ကျောက်မျက် အတွဲ ၃၉ နှင့် ပုလဲအတွဲ ၂၁၃ သာ ရောင်းချခဲ့ကြောင်း ၎င်းက ပြောသည်။


 "တန်ဖိုးအမြင့်ဆုံးအနေနဲ့က ယူရို ၇,၂၀၀,၀၀၀ ကျော်တန် ကျောက်စိမ်းတွဲပါ။ ယူရိုတစ်သန်းအထက် ကျောက်စိမ်းတွဲက ၅၅ တွဲရောင်းချခဲ့ရပါတယ်" ဟု ၎င်းကဖြည့်စွက် ပြောသည်။
တရုတ်နိုင်ငံမှ မြန်မာ့ကျောက်မျက်ကို အခွန် ၁၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း ခန့်အထိတိုးမြှင့်ခြင်း၊ ယခင်က ယူရို တစ်သိန်းမှ ဆယ်သိန်းတန်ကျောက်မျက်ကို စရန်ယူရိုငွေ တစ်သောင်း၊ ယူ ရို ဆယ်သိန်းအထက်ဆိုပါက ယူရိုငါးသောင်း တင်ရာမှ ယခုအခါ နှစ်မျိုးစလုံးအတွက် ယူရိုငါးသောင်း တစ်ပြေးညီသတ်မှတ်ခြင်းများ၊ တရုတ်နှစ်သစ်ကူးရက်များနှင့် နီးကပ်ခဲ့ခြင်းများကြောင့် တရုတ်ကုန်သည်အ၀င်နည်းခဲ့ကြောင်း ကျောက်မျက် ကုန်သည်များက ပြောသည်။
"ပြည်တွင်းကုန်သည်တွေ အခွင့် အရေးရခဲ့တဲ့ပွဲလို့ ပြောလို့ပါတယ်။ စပေါ်ငွေကလည်း ယူရိုငါးသောင်းအထိ မြှင့်ထားတော့ တကယ့်ကျောက်ကုန် သည်တွေပဲ လာတယ်။ ဈေးကစားချင် လို့ဝင်လာတာ မရှိသလောက်လို့ ပြောရမယ်" ဟု ယူရို တစ်သန်းကျော်တန် ကျောက်စိမ်းတွဲဝယ်ယူခဲ့သူ မူဆယ်မြို့မှ ကျောက်ကုန်သည်တစ်ဦးက ပြောသည်။

၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည့် ကျောက်မျက်ပြပွဲတွင် အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံနှင့် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်း ကျင်းပသည့် ကျောက်မျက်ပြပွဲတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖိုး ရောင်းချခဲ့ရသည်။

source: http://myanmar.mmtimes.com/2012/naypyitaw/552/npt01.html

No comments:

Post a Comment