Wednesday, January 18, 2012

အာဏာသိမ်းမှု ထပ်မဖြစ်နိုင်ဟု ဦးရွှေမန်း ပြော


မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေပြီ ဖြစ်သည့်အတွက် စစ်တပ်မှ အာဏာသိမ်းယူမှု ထပ်မံမဖြစ်ပေါ် နိုင်တော့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောဆိုလိုက်သည်။


ပြီးခဲ့သည့် တနင်္လာနေ့က နေပြည်တော်၌ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Alain Juppe နှင့် သူရ ဦးရွှေမန်း တွေ့ဆုံစဉ်(ဓာတ်ပုံ - Getty Images)

ထို့အပြင် ဒီမိုကရေစီနိုင်ငံ တနိုင်ငံ ဖြစ်ရန်အတွက် အချိန်မည်မျှကြာဦးမည်ကို အတိအကျ ပြောဆိုရန် ခက်ခဲသေးသော်လည်း ဒီမိုကရေစီ နည်းလမ်းမှလွဲ၍ တခြားရွေး ချယ်စရာလမ်းမရှိကြောင်းလည်း ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်သူ ဦးရွှေမန်း က AFP သတင်း ဌာန နှင့် နေပြည်တော်၌ တနင်္လာနေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။


 မြန်မာစစ်တပ်သည်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အာဏာအပြည့်အ၀ ရရှိထားပြီး ဖြစ်သည့်အတွက် အာဏာသိမ်းယူ ရန် မလိုအပ်တော့ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ သုတေသနနှင့်မှတ်တမ်းဌာန၏ တာဝန်ခံ၊ သုတေသီ ဦးဌေးအောင်က ပြောသည်။

“ဒီဖွဲ့စည်းပုံဥပဒေရှိသမျှစစ်တပ်ကအာဏာသိမ်းမှာမဟုတ်ဘူး၊ဒီတော့စစ်ဗိုလ်ချုပ်ဟောင်းတွေ ပြောတာမှန်တာပေါ့၊ ဒီလို ရထားတဲ့ အာဏာကို လျှော့ချဖို့ ဖွဲ့စည်းပုံ ပြန်ပြောင်းဖို့ ကြိုးစားကြည့်ပါလား၊ အဲဒီအခါ စစ်တပ်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်”ဟုလည်း ဦးဌေးအောင် က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ဒီမိုကရေစီ အသွင်ကူးပြောင်းနေစဉ် ကာလ အတွင်း စစ်တပ်ထဲရှိ အပြောင်းအလဲလုပ်ရန် ဆန္ဒမရှိသူတချို့က အာဏာပြန်သိမ်းနိုင်သည်ဟုတချို့ကယူဆနေကြကြောင်း၊သို့သော်ထိုသို့ဖြစ်မလာရန် မျှော်လင့်ထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံစဉ် ပြော ဆို ခဲ့သည်။

မြန်မာနိုင်ငံ၌ ၁၉၆၂ တွင် တကြိမ်၊ ၁၉၈၈ တွင် တကြိမ် အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်အတွင်း၌ ၎င်းတို့ အချင်းချင်း အာဏာသိမ်းမှုများ အကြိမ်ကြိမ် ရှိခဲ့ကြောင်း သိရသည်။ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းသည် ဖွဲ့စည်းပုံ ဥပဒေ၌ စစ်တပ်၏ အခန်းကဏ္ဍကို ထည့်သွင်းမထားသည့် အတွက်ကြောင့်ဟု အကြောင်း ပြ၍ ၂၀၀၈ ဖွဲ့စည်းပုံ၌ စစ်တပ်၏ တရားဝင် အာဏာသိမ်းယူနိုင်မှုကို ထည့်သွင်းရေးဆွဲထားသည်ဟု ဦးဌေးအောင်က ပြောဆို သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၁)တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာလက်လွှတ်ဆုံးရှုံးရမည့်အခြေအနေဖြစ်ပေါ်ပါ က နိုင်ငံတော်သမ္မတသည်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီနှင့်ညှိနှိုင်းပြီးအရေးပေါ်ကာလကြေညာ၍ ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်နိုင်ကြောင်း ထည့်သွင်းရေးဆွဲထားသည်။

မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည်လည်း မကြာခင်က ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ နိုင်ငံ၌ အာဏာသိမ်းမှု ဖြစ်မလာနိုင်တော့ကြောင်း ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်နှင့် တွေ့ဆုံရာ၌ ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် မစ္စ ယင့်လပ် ရှင်နာဝပ်ကို ဇန်န၀ါရီလ ၁၀ ရက်က ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံ နှုတ်ဆက်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် နာယက နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်ကလည်း စစ်တပ်က အာဏာ ပြန်လည်သိမ်းယူမှု မပေါ်ပေါက်နိုင်တော့ကြောင်း ပြီးခဲ့သည့်လအနည်းငယ်က သတင်းမီဒီယာများကို ပြောဆိုခဲ့ဖူး သည်။

source: http://burma.irrawaddy.org/archives/4984

No comments:

Post a Comment